အစ္စရေး-ဂါဇာ နယ်စပ်တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်

ဓာတ်ပုံ - MCT
အစ္စရေး-ဂါဇာနယ်စပ်မှာ ၂၀၁၄ ခုနှစ်နောက်ပိုင်း အပြင်းထန်ဆုံး တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ နိုဝင်ဘာ ၁၃ ရက်နေ့က ပါလက်စတိုင်း စစ်သွေးကြွတွေဟာ ၂၀၁၄ စစ်ပွဲနောက်ပိုင်း အပြင်းထန်ဆုံး ဒုံးကျည်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အစ္စရေးတောင်ပိုင်းမြို့တွေနဲ့ အက်ရှ်ကဝန်မြို့က ပြည်သူတွေဟာ ဗုံးခိုကျင်းတွေဆီ ပြေးပုန်းနေကြရပါတယ်။ အက်ရှ်ကဝန်မြို့ခံတဦးက “ကျမ တအားကြောက်တယ်။ သမီးနဲ့ ကျမ ငိုခဲ့ရတယ်။ လူတွေအကုန်လုံး ငိုယိုပြီး လှေကားပေါ်ကနေ ပြေးဆင်းကြတယ်။ ဒီမှာ ကလေးငယ်တွေ အများကြီးရှိတယ်။ အားလုံး အပြင်ထွက်နေကြတယ်။ ဘာမှမဖြစ်ပါစေနဲ့လို့ မျှော်လင့်တာပဲ” လို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း သေနတ်သမား ၃ ဦးနဲ့ အရပ်သား ၁ ဦးတို့ သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ ကုလသမဂ္ဂ၊ အီဂျစ်နဲ့ ကာတာနိုင်ငံတို့ ကြားဝင်စေ့စပ်ပေးနေတဲ့ ကြိုးပမ်းမှုတွေကို သွေဖည်စေပါတယ်။ “အစ္စရေးတောင်ပိုင်းဟာ တိုက်ခိုက်ခံနေရပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အစ္စရေးမြို့နဲ့ ရွာတွေကို မော်တာကျည်၊ ဒုံးကျည် ၄၀၀ ကျော်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒီအတွက် အသေအပျောက်တွေ ရှိခဲ့ပါတယ်။ ဟားမတ်စ်တွေက အရပ်သားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာ။ ဒါကို ကျနော်တို့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ဒါကို အစ္စရေးစစ်ဘက်က ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမှာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုတွေ ရပ်ရမယ်ဆိုတာ ဟားမတ်စ်အဖွဲ့ သဘောပေါက်သွားအောင် သတင်းစကားပါးရမယ်” လို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အီမန်နူရယ်နော့ရှုံးက ပြောပါတယ်။ အစ္စရေးဘက်ကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ ဟားမတ်စ်ထောက်လှမ်းရေးဝင်း၊ အယ်လ်အက်ဆာ ရုပ်သံစတူဒီယို အပါအဝင် ဂါဇာဒေသ အဆောက်အဦတွေကို ဒါဇင်နဲ့ချီတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပါလက်စတိုင်းဒေသခံ မာဇန်တာဘန်းကတော့ “ရာနဲ့ချီတဲ့ အိမ်ထောင်စုတွေ အိုးမဲ့အိမ်မဲ့ဖြစ်ရပြီ။ ကျေန်ာတို့ ဘယ်သွားနေရမလဲ။ ၂၀၁၄ စစ်ပွဲတုန်းက ကျနော့်အိမ် ဒုံးကျည်မှန်လို့ နေစရာမရှိ ဖြစ်ခဲ့ရတယ်။ ဒါနဲ့ လုံခြုံတဲ့နေရာမှာ အိမ်ဝယ်ပြီး နေခဲ့တယ်။ ဘယ်မှာလဲ လုံခြုံတဲ့နေရာ။ ကျနော်တို့ ဘယ်သွားနေရမလဲ။ ကျနော်တို့ ဘယ်မှပြောင်းမှာမဟုတ်ဘူး။ ကျနော်တို့ ဒီမှာပဲနေမယ်” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up