ပါလက်စတိုင်းခေါင်းဆောင် သေဆုံးခဲ့မှု စုံစမ်းစစ်ဆေးရန် ပြင်သစ်တရားရုံး သဘောတူ

2.2K
၂၀၀၄ ခုနှစ်က သေဆုံးသွားတဲ့ ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ် (Yasser Arafat) ရဲ့ သေဆုံးခဲ့ပုံကို စုံစမ်းစစ်ဆေးဖို့ ပြင်သစ်တရားရုံးက သဘောတူလိုက်တယ်လို့ တရားလိုတွေ က ပြောပါတယ်။
အာရာဖတ် ပိုင်ဆိုင်တဲ့ ပစ္စည်းတွေထဲမှာ ရေဒီယို သတ္တုကြွ ပိုလိုနီယမ်-၂၁၀ (Polonium) တွေ့ရတယ်လို့ ဖြစ်ရပ်မှန်ရုပ်သံ ရိုက်ကူးတဲ့ အယ်လ်ဂျာဇီးယားအဖွဲ့က ငှားရမ်းထားတဲ့ ဆွစ်သိပ္ပံပညာရှင်တွေက ပြောတဲ့အတွက် သေဆုံးတဲ့ အမှုကို စုံစမ်းစစ်ဆေးပေးဖို့ ဇနီးဖြစ်သူ ဆူဟ အာရာဖတ် (Suha Arafat) က ပဲရစ် အနောက်ပိုင်းခရိုင် တရားရုံးမှာ ဇူလိုင်က ပြောဆိုခဲ့ပါတယ်။
တရားရုံးက မနေ့က သဘောတူခဲ့ပေမယ့် အခုချိန်ထိ စုံစမ်းစစ်ဆေးရေး တရားသူကြီးကို ခန့်အပ်ခြင်း မရှိသေးပါဘူး။ ပြင်သစ် ဥပဒေအဖွဲ့ကတော့ သံတမန်ရေးကြောင့် ဒီကိစ္စကို လေးလေးနက်နက် လုပ်ဆောင်ဖို့ကြိုးစားနေ ပါတယ်။
ပါလက်စတိုင်းအာဏာပိုင်တွေကလည်း စုံစမ်းစစ်ဆေးဖို့ ကိစ္စကို ကြိုဆိုလိုက်ပြီး စုံစမ်းစစ်ဆေးမှုအတွက်လည်း ပြင်သစ်သမ္မတကို အကူအညီတောင်းဆိုထား ပါတယ်။ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကတော့ ရေဒီယို သတ္တုကြွ အဆိပ်နဲ့ ပတ်သက်ပြီးတော့ သံသယရှိနေပါတယ်။
ပါလက်စတိုင်း အများစုကတော့ အစ္စရေးက အဆိပ်ခတ်သတ်လိုက်တယ်လို့ ယုံကြည်နေကြသလို အစ္စရေးကလည်း ဒီကိစ္စကို ငြင်းဆိုထားပါတယ်။ တချို့ကလည်း အေအိုင်ဒီအက်စ်ရောဂါနဲ့ စွပ်စွဲ ပြောဆိုပါတယ်။
အာရာဖတ်ဟာ ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲကို ၃၅ နှစ်ကြာ ဦးဆောင်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ ပါလက်စတိုင်းရဲ့ သမ္မတ ဖြစ်လာပါတယ်။ ၂၀၀၄ အောက်တိုဘာလ အသက် ၇၅ နှစ်အရွယ်မှာ အပြင်းအထန် ဖျားနာခဲ့ပြီးတော့ ၂ ပတ်အကြာမှာ သေဆုံးခဲ့ပါတယ်။
၂၀၀၅ တုန်းကလည်း သူသေဆုံးတဲ့ ဆေးပညာ မှတ်တမ်းကို အမေရိကန် နယူးယောက်တိုမ်း သတင်းစာက ရရှိခဲ့ပြီးတော့ အမည်မသိတဲ့ ကူးစက်ရောဂါကြောင့် မထင်မှတ်တဲ့ သွေးယိုစိမ့်မှု နဲ့ သေဆုံးခဲ့တာလို့ဆိုပါတယ်။ ဒီမှတ်တမ်းကို ကြည့်ခဲ့တဲ့ ကျွမ်းကျင်သူတွေကလည်း အဆိပ်မိသေတာ မဟုတ်သလို အေအိုင်ဒီအက်စ်ကြောင့်လည်း မဟုတ်ဘူးလို့ ပြောပါတယ်။
