ကမ်းပါးပြိုဒုက္ခသည်များထံမှ ကျေးရွာအာဏာပိုင်များ ငွေထပ်ကောက်ခံ
DVB
·
August 29, 2012
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်ထဲက ဆားကျင်းကျေးရွာမှာ ရေတက်လို့ ကမ်းပါးပြိုကျ အိမ်တွေပျက်ပြီး ဒုက္ခရောက်နေတဲ့ ရွာသားတွေဆီကနေ ကျေးရွာအာဏာပိုင်တွေက အကူအညီမပေးတဲ့အပြင် ငွေကောက်ခံမှုတွေ ပြုလုပ်ခဲ့တယ်လို့ ရွာသားတွေကပြောပါတယ်။
တိုးမြစ်ဝမှာရှိတဲ့ ဆားကျင်းကျေးရွာမှာ သြဂုတ်လဆန်းပိုင်းက ရေတက်ခဲ့လို့ ကမ်းပါးတလျှောက် ဆောက်လုပ်ထားတဲ့ လူနေအိမ်ခြေ ၄၀ ကျော်လောက် ပျက်စီးသွားပြီး ရာနဲ့  ချီတဲ့ ဒေသခံတွေ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတာပါ။
အိုးအိမ်ပျက်ပြီး ဒုက္ခရောက်နေတဲ့ မိသားစုတွေကို ပြီးခဲ့တဲ့သြဂုတ် ၁၈ ရက်နေ့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အစားအစာတွေ လာရောက် လှူဒါန်းခဲ့ပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးက ရာအိမ်မှူးတွေကနေ တဆင့် တအိမ်ထောင်ကို ကျပ်ငွေ ၁၀၀၀ ကောက်ခံခဲ့တာလို့ ဆားကျင်းရွာက မတိုးတိုးက ခုလို ပြောပြပါတယ်။
“မြို့နယ်ကလူတွေ လာတော့ အဲဒီက ပါလာတဲ့ ပစ္စည်းတွေကို ထော်လာဂျီနဲ့ သယ်ရတယ်။ မြို့နယ်က လာတဲ့လူကြီးတွေကို ဆိုင်ကယ်တွေနဲ့ ကြိုရတယ်။ အဲဒီဆိုင်ကယ်တွေကို ဆီထည့်ပေးဖို့ ဆိုပြီး ကျမတို့ဆီကနေ တဦးကို တထောင်စီ ကောက်ပါတယ်။ အဲဒီတော့ တထောင်ကို တခါတည်း ယူလာခဲ့ပါဆိုတော့ ပိုက်ဆံကမရှိတော့ ကိုယ့်အိမ်နားက ဈေးဆိုင်ကနေ ပိုက်ဆံ တထောင် ပေးပါ။ ပြန်လာရင် အဲဒီပစ္စည်းတွေထဲကနေ အဖိုးဖြတ်ပြီး ပေးပါ့မယ်လို့ ဆိုပြီး ယူသွားရတယ်။ ကျမအပါအ၀င် သုံးလေးငါးဦးတော့ ရှိတယ်။ တချို့တွေကတော့လည်း ခနတဖြုတ်ချေးပြီးတော့ ထည့်လိုက်ရတာပေါ့။”
ဆားကျင်းကျေးရွာမှာ သြဂုတ် ၂ ရက်နဲ့ ၃ရက်နေ့က ကမ်းပါးပြိုကျရာမှာ ကမ်းပါးတလျှောက် ဆောက်ထားတဲ့ အိမ်တွေထဲမှာ ၄၀ ကျော်လောက် ပြိုသွားခဲ့ရပြီး နောက်ထပ် အိမ်ခြေ ၂၀ ကျော် လောက်ကလဲ ရေကြီးမှာစိုးရိမ်ပြီး ကြိုတင်ဖျက်ခဲ့ကြရတာပါ။
လတ်တလောရွာသားတွေဟာ နေအိမ် အပျက်အစီးတွေကို ဆယ်ယူကာ နေအိမ်တွေကို ကိုယ့်အားကိုယ်ကိုး ပြန်လည်ဆောက်လုပ်နေကြရပါတယ်။ နေအိမ်တွေပြန်လည်ဆောက်လုပ်ဖို့ လိုအပ်တဲ့ အကူအညီတွေကို အစိုးရတာဝန်ရှိသူတွေက ပံ့ပိုးပေးတာမရှိသလို တခြား ဘယ်အဖွဲ့အစည်း လူပုဂ္ဂိုလ်ကမှလည်း လာရောက်ကူညီပေးတာမရှိဘူးလို့ ရွာသားတွေက ပြောပါတယ်။