
မြောက်ကိုရီးယားနိုင်ငံတွင်း ဒုံးကျည်အခြေစိုက်စခန်းများ လည်ပတ်နေဟု အစီရင်ခံစာ ထုတ်ပြန်

Email This Story :
မြောက်ကိုရီးယားအစိုးရဟာ နိုင်ငံထဲမှာ မကြေညာထားတဲ့ ဒုံးကျည်အခြေစိုက်စခန်းတွေ ထားရှိပြီး လုပ်ငန်း လည်ပတ်နေတယ်လို့ အမေရိကန် တတ်သိပညာရှင်အဖွဲ့က အစီရင်ခံစာ ထုတ်ပြန် ပြောဆိုပါတယ်။
မြောက်ကိုရီးယားနိုင်ငံအတွင်း ဒုံးကျည်အစီအစဉ်အတွက်လို့ မကြေညာထားတဲ့ အခြေစိုက်စခန်းတွေ ခန့်မှန်းခြေ နေရာ ၂၀ ထဲက ၁၃ နေရာကို ဖော်ထုတ်ခဲ့ပြီးပြီလို့ အမေရိကန် တတ်သိပညာရှင်တယောက်က နိုဝင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။
ဒါဟာ နျူကလီးယားလက်နက်တွေနဲ့ တာဝေးပစ် ဒုံးကျည်တွေကို စွန့်လွှတ်ရေး မြောက်ကိုရီးယား အစိုးရကို ဖျောင်းဖျဖို့ မျှော်လင့်နေတဲ့ အမေရိကန် ညှိနှိုင်းသူတွေအတွက် စိန်ခေါ်မှု ဖြစ်လာပါတယ်။
ညှိနှိုင်းမှုတွေ ဆက်လုပ်နေပေမယ့် တချို့စခန်းတွေမှာ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေနဲ့ အသေးစား အခြေခံအဆောက်အဦ တိုးတက်မှုတွေ ရှိနေတာကို လေ့လာတွေ့ရှိထားတယ်လို့ ဝါရှင်တန်အခြေစိုက် ဗျူဟာမြောက် နိုင်ငံတကာလေ့လာရေးဌာန (CSIS) က သုတေသနပညာရှင် ဂျိုးဇက် ဘာမြူဒက်ဇ်က ပြောပါတယ်။
ဒီစခန်းတွေဟာ မြောက်ကိုရီးယားနိုင်ငံအတွင်း ဝေးလံသီခေါင်ပြီး တောင်ထူတဲ့ဒေသမှာ ပြန့်ကျဲတည်ရှိတယ်၊ အကြီးဆုံးအနေနဲ့ အမေရိကန်နိုင်ငံထဲက ဘယ်နေရာကိုမဆို ပစ်နိုင်စွမ်းရှိတဲ့ ဒုံးကျည်အပါအဝင် အကွာအဝေး အမျိုးမျိုးကို ပစ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေကို သိုလှောင်ထားနိုင်တယ်လို့ CSIS ရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။
တောင်ကိုရီးယား နယ်စပ်နားက ဆက်ခန်မို စခန်းဟာလည်း ကောင်းကောင်း ထိန်းသိမ်းထားပြီး လှုပ်ရှားနေတာ တွေ့ရတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ဟာ စင်ကာပူနိုင်ငံမှာ ဇွန်လကကျင်းပတဲ့ ထိပ်သီးညီလာခံအတွင်း နျူကလီးယားလက်နက် ဖျက်သိမ်းရေး လုပ်ဆာင်ဖို့ ကတိပြုခဲ့ကြတာပါ။
မြောက်ကိုရီးယားက ဖြောင်းဂေးရီ နျူကလီးယား စမ်းသပ်စခန်းနဲ့ ဆိုဟေး ဒုံးကျည်အင်ဂျင် စမ်းသပ်စက်ရုံတွေကို ပိတ်ခဲ့ပြီလို့ ပြောပါတယ်။
တကယ်လို့ အမေရိကန်က လိုက်လျောညီထွေဖြစ်တဲ့ လုပ်ဆောင်ချက်တွေကို လုပ်မယ်ဆိုရင် နောက်ထပ်စခန်းတွေကို ထပ်ပိတ်ဖို့ ဖြစ်နိုင်ချေများပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုကို ခွင့်ပြုမယ်လို့လည်း မြောက်ကိုရီးယားက ပြောပါတယ်။
ထရမ့်နဲ့ ကင်တို့ ဒုတိယအကြိမ် ထိပ်သီးညီလာခံမှာ ထပ်တွေ့ဖို့ စီစဉ်နေပေမယ့် အရင်သီတင်းပတ်မှာ အခြေအနေ ရှုပ်ထွေးခဲ့ပါတယ်။
အမေရိကန် ဒုသမ္မတ မိုက်ခ်ပန့်စ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ တွေ့ဆုံမယ့် ညီလာခံဟာလည်း အကြောင်းပြချက်မပေးဘဲ နောက်ဆုံးမိနစ်မှာ ဖျက်သိမ်းခဲ့ပါတယ်။