ဆီးရီးယားစစ်မြေပြင်မှ ကန်စစ်သတင်းထောက် အမျိုးသမီးတဦးအကြောင်း ရုပ်ရှင် – A Private War (နမူနာ)
Published By
DVB | 13 November, 2018
2.8K
0
Share
0
Comment
0
Likes
ဟောလိဝုဒ် ဖြစ်ရပ်မှန် အတ္ထုပ္ပတ္တိစစ်ပွဲနောက်ခံ ဒရာမာရုပ်ရှင် ပရိသတ်တွေ နှစ်သက်ကြမယ့် A Private War ရုပ်ရှင်ကားကို လာမယ့် နိုဝင်ဘာ ၁၆ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ အမေရိကန် ရုပ်ရှင်ဒါရိုက်တာ Matthew Heineman က ရိုက်ကူး ပုံဖော်ပေးထားတာဖြစ်ပြီး အမေရိကန် သတင်းစာပညာသမိုင်းမှာ မေ့ဖျောက်ထားလို့မရတဲ့ စစ်သတင်းထောက် အမျိုးသမီး Marie Colvin ရဲ့ ဖြစ်ရပ်မှန် ဘဝဇာတ်ကြောင်းကို ရုပ်ရှင်အဖြစ် ပုံဖော်ဖန်တီးထားတာ ဖြစ်ပါတယ်။ Marie Colvin ဟာ The Sunday Times သတင်းစာမှာ ၁၉၈၅ ခုနှစ်ကနေ သေဆုံးချိန်အထိ သတင်းထောက်တယောက်အဖြစ် လုပ်ကိုင်ခဲ့တာပါ။ သူဟာ အသံမဲ့တဲ့ ပြည်သူတွေဆီက စကားသံတွေ ကြားနိုင်ဖို့၊ အမှန်တရားကို ဖော်ထုတ်ဖို့ တကမ္ဘာလုံးက အာရုံစိုက်ခဲ့ကြရတဲ့ ဆီးရီးယား ရှေ့တန်းစစ်မျက်နှာပြင်မှာ ထောက်လှမ်း သတင်းရယူခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ သူ့ရဲ့ဘဝနေထိုင်မှု၊ ခက်ခဲရှုပ်ထွေးတဲ့ ဝန်းကျင်မှာ ဘယ်လိုရင်ဆိုင် ဖြတ်သန်းခဲ့ရသလဲဆိုတဲ့ အဖြစ်အပျက်တွေကို ပရိသတ်တွေ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Marie Colvin နေရာမှာတော့ ဗြိတိန်သရုပ်ဆောင် မင်းသမီး Rosamund Pike က ခေါင်းဆောင်ပါဝင်ထားပြီး သူနဲ့အတူ တခြား ဟောလိဝုဒ်သရုပ်ဆောင် မင်းသားတွေဖြစ်ကြတဲ့ Jamie Dornan, Stanley Tucci နဲ့ Tom Hollander တို့က တွဲဖက် သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။
စစ်ပွဲနောက်ခံ ကြမ်းတမ်းတဲ့ မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။
ကြာမြင့်ချိန် မိနစ် ၁၁၀ ရှိတဲ့ ဒီရုပ်ရှင်ကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Toronto International Film Festival အပါအဝင် တခြားရုပ်ရှင်ပွဲတော်တွေမှာ ကနဦးပြသခဲ့ပြီး Pike ရဲ့ သရုပ်ဆောင်မှုအတွက် ချီးကျူးမှုတွေ အများကြီး ရရှိထားပြီး IMDb မှာလည်း Rating 7 အထိ ရရှိထားပါတယ်။