Home
မြန်မာသတင်း
ငမိုးရိပ်ချောင်းနှင့် ရန်ကုန်မြစ် မျက်နှာစာ ဖွံ့ဖြိုးရေးအတွက် ပြင်သစ်ထံမှ ယူရိုသန်း ၇၀ ချေးမည်
နေဖြိုးဝင်း
·
November 13, 2018
ငမိုးရိပ်ချောင်းနဲ့ ရန်ကုန်မြစ်မျက်နှာစာ ဖွံ့ဖြိုးရေးနဲ့ ထိန်းသိမ်းရေးအတွက် ပြင်သစ်နိုင်ငံကနေ ယူရိုငွေ သန်း ၇၀ ချေးယူဖို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်မှာ မနေ့က တင်ပြလိုက်ပါတယ်။ ချေးငွေမှာ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (AFD) ဆီက ယူရိုသန်း ၇၀ ဖြစ်ပြီး ချေးငွေအပြင် ဥရောပသမဂ္ဂ (အီးယူ) က ထောက်ပံ့ငွေ ယူရို ၉ ဒသမ ၅ သန်း၊ အခွန်အခတွေ၊ မြေယာအသုံးချမှုနဲ့ ရွှေ့ပြောင်းမှုကိစ္စတွေအတွက် အစိုးရက ယူရို ၅ ဒသမ ၂ သန်း စုစုပေါင်း ယူရို ၈၄ ဒသမ ၇ သန်းနဲ့ စီမံကိန်းတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ စီမံကိန်းကာလက ၂၀၁၉ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်ထိ ၅ နှစ်ဖြစ်ပါတယ်။ ချေးငွေတွေကတော့ ဆိုင်းငံ့ကာလ ၇ နှစ်၊ ပြန်ဆပ်ကာလ ၁၈ နှစ်၊ စုစုပေါင်း ၂၅ နှစ်နဲ့ အတိုးနှုန်းမှာ ဥရောပသမဂ္ဂဘဏ်အချင်းချင်း ၆ လ ချေးငွေအပေါ်ယူတဲ့ အတိုးနှုန်း ၀ ဒသမ ၄ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ငမိုးရိပ်ချောင်းအတွင်း ရေစီးရေလာ ပိုမိုကောင်းမွန်စေဖို့၊ ကမ်းပါးထိန်းသိမ်းဖို့၊ ကမ်းပတ်စင်္ကြံလမ်းတွေနဲ့ အပန်းဖြေနေရာသစ်တွေ ပေါ်ထွန်းလာဖို့ စတဲ့ လုပ်ငန်းတွေနဲ့ ရန်ကုန်မြစ်မျက်နှာစာ ဖွံ့ဖြိုးရေး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက "ငမိုးရိပ် (မလွှကုန်း) ဘူတာ ပတ်ဝန်းကျင် ကားလမ်း၊ ရထားလမ်းနဲ့ ရေကြောင်းလမ်း ချိတ်ဆက်ဆောင်ရွက်ခြင်း၊ မြို့ပြအင်္ဂါရပ်နဲ့အညီ ပုဇွန်တောင်ဈေးကို အဆင့်မြှင့်တင်ခြင်း၊ ဆိပ်ကမ်းသာ (ကျန်းမာရေးဆိပ်) အနီး ပန်းခြံတိုးချဲ့ ဆောင်ရွက်ခြင်းနဲ့ အများပြည်သူ အပန်းဖြေဧရိယာပြုလုပ်ခြင်း၊ လမ်းမတော် ကမ်းနားတလျှောက် အများပြည်သူသုံး အပန်းဖြေနေရာများ ပြုလုပ်ခြင်း၊ ကြည့်မြင်တိုင်ပန်းခြံ အဆင့်မြှင့်တင်ခြင်းနဲ့ အများပြည်သူသုံး ဧရိယာပြုလုပ်ခြင်း၊ စက်ဆန်းလမ်းဆုံတဝိုက် မြစ်မျက်နှာစာများ ပြန်လည်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ခြင်း၊ ငမိုးရိပ်ချောင်းတလျှောက် ခရီးသည်ယာဉ်စခန်းတွေ ဖော်ဆောင်ခြင်းတို့ကို ဆောင်ရွက်မှာဖြစ်ပါတယ်" လို့ ပြောပါတယ်။ စီမံကိန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်သွားမှာဖြစ်ပြီး စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်မှုကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလက စတင်ခဲ့ရာမှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှာ အပြီးသတ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024