A d v e r t i s e m e n t With Us

မြန်မာအသင်း ကမ္ဘောဒီးယားကို ၁ ဂိုးရှုံးနေရာက ၄ ဂိုးပြန်သွင်းပြီး အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

အာဆီယံဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းနဲ့ မန္တလေးမြို့ မန္တလာသီရိကွင်းမှာ မနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့ရာ ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရသွားပါတယ်။ အခုပွဲစဉ်မှာ အိမ်ရှင်မြန်မာအသင်း အနိုင်ရခဲ့ပေမယ့် ပထမပိုင်းမှာ ရုန်းကန်ခဲ့ရပြီး ကမ္ဘောဒီးယားအသင်းရဲ့ ဦးဆောင်ဂိုးကို အရင်ခွင့်ပြုခဲ့ရတာပါ။ ကမ္ဘောဒီးယားအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၂၂ မိနစ်မှာ ဘယ်ခြမ်းကနေ ပေးပို့ပေးတာကနေ နာမည်ကြီး တိုက်စစ်မှူး ချန်ဗတ်သန်နာကာက အနီးကပ် ပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် မြန်မာအသင်း ဂိုးရဖို့ ပိုမိုအားထည့် ကစားလာပေမယ့် အတွဲအဖက်မမိခဲ့ဘဲ တိုက်စစ်ကလည်း အဆုံးသတ်ညံ့ခဲ့လို့ ပထမပိုင်းမှာ တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒုတိယပိုင်းအစမှာ မြန်မာအသင်းက ရန်နိုင်ဦးနေရာမှာ အဓိကတိုက်စစ်မှူး အောင်သူကို လူစားလဲ ထည့်သွင်းကစားခဲ့တာကြောင့် တိုက်စစ်ပိုင်းက အခွင့်အရေးတွေ ပိုရလာခဲ့ပါတယ်။ ပွဲချိန် ၅၉ မိနစ်မှာတော့ ဘယ်နောက်ခံလူ သိန်းသန်းဝင်းရဲ့ ဖြတ်တင်ပေးမှုကနေ လှိုင်းဘိုဘိုက အပိုင်ပိတ်သွင်းနိုင်ခဲ့လို့ မြန်မာအသင်း ချေပဂိုး စရခဲ့ပါတယ်။ ချေပဂိုးရပြီးနောက် မြန်မာအသင်း ကမ္ဘောဒီးယားဘက်ကို ဆက်တိုက်ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၆၇ မိနစ်မှာ ကမ္ဘောဒီးယားနောက်ခံလူ ဘောလုံးကို လက်နဲ့ထိခဲ့လို့ အောင်သူ ပယ်နယ်တီကန်ခွင့် ရခဲ့ပေမယ့် ဂိုးသမား ကာကွယ်နိုင်ခဲ့လို့ မြန်မာအသင်း အပိုင်ဂိုးတဂိုး ဆုံးရှုံးခဲ့ရပါတယ်။ မြန်မာအသင်းဟာ အခွင့်အရေးတွေ လွဲချော်နေတဲ့ တိုက်စစ်မှူး ဇင်မင်းထွန်းကို ထုတ်ပြီး သန်းထက်အောင်ကို လူစားလဲခဲ့တာ မှန်ကန်ခဲ့တယ်လို့ ဆိုနိုင်ပြီး ပွဲချိန် ၆၉ မိနစ်မှာ သန်းထက်အောင်ကပဲ အနီးကပ်ပိတ်သွင်းပြီး အနိုင်ဂိုး သွင်းပေးခဲ့ပါတယ်။ နောက်ပိုင်း လက်ကျန်ပွဲချိန်တွေမှာ မြန်မာအသင်းက ဖိအားကင်းကင်းနဲ့ ကစားနိုင်ခဲ့ပြီး ပွဲချိန် ၈၃ မိနစ်မှာ စည်သူအောင်က အနိုင်ဂိုး ၁ ဂိုး၊  ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ လှိုင်းဘိုဘိုက နောက်ဆုံးပွဲသိမ်းဂိုး ထပ်သွင်းယူခဲ့လို့ မြန်မာအသင်း ၄-၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲအနိုင်ရလဒ်ကြောင့် မြန်မာအသင်းက တပွဲကစား တပွဲနိုင် ရမှတ် ၃ မှတ်နဲ့ အုပ်စုတက်ဖို့ အခြေအနေကောင်း ပိုင်ဆိုင်ခဲ့ပါတယ်။ မနေ့ကကန်သွားတဲ့ အုပ်စုတွင်းပြိုင်ဘက် မလေးရှားနဲ့ လာအိုတို့ ပွဲစဉ်မှာတော့  မလေးရှားက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ မြန်မာအသင်းဟာ နိုဝင်ဘာ ၁၆ ရက်မှာ လာအိုအသင်းနဲ့ အဝေးကွင်းမှာ သွားရောက် ကစားရမှာဖြစ်ပြီး နိုဝင်ဘာ ၂၀ ရက်မှာ ဗီယက်နမ်၊ နိုဝင်ဘာ ၂၄ ရက်မှာ မလေးရှားအသင်းတွေနဲ့ ဆက်ပြီးကစားရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up