Home
မြန်မာသတင်း
ကျောက်ဖြူ၊ သံဇစ်မြစ်ရေ ညစ်ညမ်းမှုကြောင့် သက်ရှိများရှင်သန်ရန် ခဲယဉ်းနေ
ရွှေအောင်
·
November 12, 2018
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်ထဲရှိ ညစ်ညမ်းရေပြင်တွေမှာ သက်ရှိတွေ အသက်ရှင်ဖို့ ခဲယဉ်းနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အစီရင်ခံထားပါတယ်။ နိုဝင်ဘာ ၁၂ ရက် ပြည်သူ့လွှတ်တော်မှာ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနဒုဝန်ကြီး  ဒေါက်တာရဲမြင့်ဆွေက တင်ပြသွားတဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာ ဖတ်ကြားသွားပါတယ်။ “ရေနမူနာများအား ဓာတ်ခွဲစစ်ဆေးတွေ့ရှိချက်များအရ အဆိုပါ ရေနမူနာများမှာ သက်ရှိများ အသက်ရှင်သန်နေထိုင်ရန် ခက်ခဲကြောင်း၊ လူတို့၏ကျန်းမာရေးအတွက် သုံးသပ်ရပါက ပင်လယ်ရေတွင် Oil & Grease တို့ ပါဝင်မှုများခြင်းကြောင့် ရေထဲတွင် လုပ်ကိုင်နေသော အလုပ်သမားများတွင် အရေပြားယောင်ယမ်းခြင်း၊ ယားယံခြင်း ဖြစ်နိုင်ပါကြောင်း” အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ညစ်ညမ်းရေနဲ့ ထိတွေ့ခဲ့ကြတဲ့ အမျိုးသမီး ၅ ဦး ဟာ အရေပြားယားယံတာ၊ အရေပြားအကွက်တွေဖြစ်ပေါ်လာတာကြောင့် ကျောက်ဖြူခရိုင်ဆေးရုံမှာ လာရောက်ပြသကုသ ခဲ့ကြတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာအရ သိရပါတယ်။ ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ဒီနေ့ ကျင်းပတဲ့ လွှတ်တော်မှာ သံဇစ်မြစ်ရေညစ်ညမ်းမှုဟာ အမ်းနဲ့ မြေပုံမြို့နယ်တို့အထိ ပျံ့နှံ့ရောက်ရှိနေလို့ ဘာကြောင့်ဖြစ်ရတယ်ဆိုတာ စိစစ်ဖော်ထုတ်ပေးဖို့ မေးခွန်းထုတ်ခဲ့တာပါ။ ဝန်ကြီးဌာန ၅ ခုနဲ့ ပြည်နယ်အစိုးရတို့ရဲ့ အစီရင်ခံစာတွေကို ဒုဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ဖတ်ကြားဖြေသွားခဲ့ပေမယ့် သူဖတ်ပြသွားတဲ့ အစီရင်ခံစာတွေက ယေဘုယျဆန်နေတယ်ဆိုပြီး မေးခွန်းမေးတဲ့ လွှတ်တော်ကိုယ်စားလှယ်က သံဇစ်မြစ်ရေ ဘာ့ကြောင့် ညစ်ညမ်းရသလဲလို့ လွှတ်တော်ထဲ ဆက်စပ်မေးခွန်းထုတ်ပါတယ်။ ဝန်ကြီးဌာနအားလုံး ပေါင်းစပ်အဖြေထုတ်ဖို့ အချိန်ယူရဦးမှာဖြစ်လို့ နောင်မှပဲ ဖြေကြားပေးနိုင်မယ်လို့  ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက လွှတ်တော်မှာ ပြောသွားပါတယ်။ ကျောက်ဖြူမြို့နယ်ထဲက သံဇစ်မြစ်ရေဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက သံချေးရောင်ရေပြင်ကျယ် ပမာဏ ၂ မိုင်လောက်  ဖြစ်ပေါ်ခဲ့ပြီး အဲ့ဒီနားတ၀ိုက် ငါးပုစွန် ဖမ်းမရ ဖြစ်ခဲ့ပါတယ်။ ရေပြင်ညစ်ညမ်းခဲ့တဲ့နေရာ အနီးနားတဝိုက်မှာ မဒေးကျွန်းရေနက်ဆိပ်ကမ်းရှိပြီး ရေနံသယ်ယူတင်ပို့တာရှိပေမယ့် ရေနံယိုဖိတ်တာ မရှိဘူးလို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ငြင်းဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024