ငွေဆောင်ကမ်းခြေတွင် အသက် ၁၅ နှစ်အောက် နိုင်ငံတကာ ရွက်လှေပြိုင်ပွဲ ကျင်းပ

၂၀၁၈ ခုနှစ် Optimist Asian & Oceanian Championship (OAOC) ရွက်လှေပြိုင်ပွဲကို မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်က ဦးစီးပြီး ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်ကမ်းခြေမှာ နိုဝင်ဘာ ၁၁ ရက်နေ့ကစတင်ပြီး ၁၆ ရက်နေ့အထိ လက်ခံကျင်းပနေပါတယ်။ ပြိုင်ပွဲမှာ သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ဖီဂျီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ မြန်မာ၊ နယူးဇီလန်၊ အိုမန်၊ စင်ကာပူ၊ သီရိလင်္ကာ၊ တိုင်ပေ၊ ထိုင်းနဲ့ အမေရိကန် စတဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံက အသက် ၁၅ နှစ်အောက် လူငယ်အယောက် ၁၃၀ ဝင်ရောက်ယှဉ်ပြိုင်နေပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံတကာ ရွက်လှေပြိုင်ပွဲတွေအဖြစ် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲနဲ့ ၂၀၁၅ Wave Rider Cup ပြိုင်ပွဲတို့ကို ကျင်းပခဲ့ပြီးနောက် ငွေဆောင်ကမ်းခြေမှာ ထပ်မံကျင်းပတဲ့ တတိယမြောက် အကြီးဆုံး နိုင်ငံတကာပြိုင်ပွဲလည်း ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်က သိရပါတယ်။ အခုလို အစဉ်အလာကြီးမားတဲ့ နိုင်ငံတကာ ရွက်လှေပြိုင်ပွဲကို ကျင်းပခွင့်ရတဲ့အတွက် ဝမ်းမြောက်မိသလို နိုင်ငံတကာ အားကစားပြိုင်ပွဲကြီးတခုကို အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံမှာ ကျင်းပခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူမိတယ်၊ လူငယ်အားကစားသမားတွေဟာ ကြိုးကြိုးစားစား လေ့ကျင့်နေတာကြောင့် သူတို့ဟာ နိုင်ငံရဲ့ဂုဏ်ကို ဆောင်နိုင်မှာ သေချာပါတယ်လို့ မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဖုန်းကျော်မိုးမြင့်က ပြောပါတယ်။ အခုကျင်းပနေတဲ့ Optimist Asian & Oceanian Championship (OAOC) ရွက်လှေပြိုင်ပွဲဟာ ကမ္ဘာ့ရွက်လှေအဖွဲ့ချုပ်အောက်ရှိ ရွက်လှေပြိုင်ပွဲ အဖွဲ့အစည်းတွေထဲက တခုဖြစ်တဲ့ International Optimist Dinghy Association (IODA) က ဦးစီးပြုလုပ်တာဖြစ်ပြီး နိုင်ငံတကာ အသိအမှတ်ပြု ရွက်လှေပြိုင်ပွဲ ဖြစ်ပါတယ်။

//
More News
Up