Home
မြန်မာသတင်း
ကရင်ပြည်နယ်တွင် ပျက်စီးဆုံးရှုံးစပါးခင်းများ ရာနှုန်းပြည့် ပြန်လည်စိုက်ပျိုးနိုင်ခဲ့
DVB
·
November 12, 2018
ကရင်ပြည်နယ်မှာ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ မိုးစပါးခင်းတွေကို ရာနှုန်းပြည့် ပြန်လည်စိုက်ပျိုးနိုင်ခဲ့တယ်လို့ စိုက်ပျိုးရေးဦးစီးဌာနက ပြောပါတယ်။ ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ရဲသူရခန်းမမှာ ပြုလုပ်တဲ့ ၆၃ နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် စိုက်ပျိုးရေးဦးစီးဌာနကို အဘက်ဘက်က ပံ့ပိုးကူညီပေးခဲ့တဲ့ အသင်းအဖွဲ့တွေကို ဂုဏ်ပြုတဲ့အခမ်းအနားမှာ ပြောပါတယ်။ ကရင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းလှိုင်ဦးက "ရေကြီးနစ်မြုပ်မှုဖြစ်စဉ်မှာ တော်တော်များများ နစ်မြုပ်ဆုံးရှုံးသွားသော်လည်း ကျနော်တို့ကို ပြည်နယ်အစိုးရက ပံပိုးမှုအပြည့်အ၀ပေးတယ်။ ၀န်ကြီးက အပြည့်ဝအားပေးကူညီတယ်။ ၀န်ထမ်းတွေရဲ့ ကွင်းဆင်းနိုင်မှုစွမ်းရည် နောက် မိတ်ဘက်အန်ဂျီအိုအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှုနဲ့ ကျနော်တို့ရဲ့ မိုးစပါးလျာထားချက် ရာနှုန်းပြည့်စိုက်နိုင်သွားတယ်" လို့ ပြောပါတယ်။ The Nippo Foundation ရဲ့ မိတ်ဖက်အဖွဲ့အစည်း (GMAEDC)၊ စီမံကိန်းညှိနှိုင်းရေးမှူး မသက်မြတ်နိုးဝေက "စိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ အတတ်နိုင်ဆုံး ကျမတို့ဘက်က ဂျပန်ပြည်သူတွေရဲ့ ပိုက်ဆံငွေကြေးတွေနဲ့အတူ ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်းဆိုတဲ့ မျိုးစပါးတွေ အထူးသဖြင့် ငွေကြေးတွေ ထောက်ပံ့ပေးခဲ့တယ်။ အခုဆိုလိုရှိရင် ဆင်းသုခစပါးမျိုးတွေ လှူဒါန်းထားတာရှိတယ်" လို့ ပြောပါတယ်။ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးစောမြင့်ဦးက "ရေကြီးရေလျှံမှုတွေဖြစ်ပြီးတော့ ကျနော်တို့ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး အောင်မြင်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ဖို့ ပြည်နယ်ရဲ့ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးမှုလျော့မကျစေဖို့အတွက် အချိန်မီ အဘက်ဘက်ကနေပြီးတော့ လိုအပ်တဲ့အကူအညီတွေ ပံ့ပိုးကူညီပေးတာ အားလုံးကို ကျေးဇူးတင်ပါတယ်"လို့ ပြောပါတယ်။ ဇူလိုင်ကနေ စက်တင်ဘာအထိ ကရင်ပြည်နယ်အတွင်း ရေကြီးနစ်မြုပ်မှု ၃ ကြိမ်တိုင်ဖြစ်ပေါ်ခဲ့ရာမှာ မြို့နယ် ၆ မြို့နယ်က စိုက်ပျိုးပြီး မိုးစပါးခင်းတွေ ပျက်စီးဆုံးရှုံးခဲ့ပြီး နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရနဲ့ အလှူရှင်တွေရဲ့ ပံ့ပိုးကူညီမှုတွေကြောင့် အချိန်မီမျိုးစပါးတွေရရှိပြီး ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ခဲ့တာပါ။ ကရင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးဖို့ ဧက ၄ သိန်းကျော် လျာထားလျက်ရှိရာ စိုက်ပျိုးပြီးဧက ၃ သိန်းကျော်မှာ ရေကြီးရေလျံမှုကြောင့် ဧက ၅ သောင်းကျော် ရေကြီးနစ်မြုပ်ခဲ့ပြီး ဧက ၃ သောင်းကျော် ပျက်စီးခဲ့တဲ့အတွက် ဧ က၂ သောင်းနီးပါးကို အစားထိုးပြန်လည်စိုက်ပျိုးနိုင်ခဲ့ကာ ကျန်ဧကတွေကို အခြားသီးနှံစိုက်ပျိုးထားရှိပြီးဖြစ်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။ တောင်သူတွေရဲ့ ပျက်စီးသွားတဲ့ မိုးစပါးတွေအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက မျိုးစပါးတင်းပေါင်း ၃ ထောင်၊ ပြည်နယ်အစိုးရက တင်းပေါင်း ၉ ထောင်နဲ့ အလှူရှင်တွေက တင်းပေါင်း ၅ ထောင်နီးပါး ပံ့ပိုးကူညီခဲ့ပါတယ်။ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024