၇ နိုင်ငံပါဝင်သည့် စက်ဘီးပြိုင်ပွဲ မန္တလေးကျုံးတွင် ကျင်းပ

2.1K
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ နန်းမြို့ရိုးမြောက်ဘက်မှာ ပထမဆုံးအကြိမ်အဖြစ် ၇ နိုင်ငံပါဝင်တဲ့ အာဆီယံဒေသတွင်း ကွင်းပတ် စက်ဘီးစီးပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် ဒီနေ့မနက် ကျင်းပခဲ့ပါတယ်။
စက်ဘီးစီးပြိုင်ပွဲ အမျိုးစားများအနေနဲ့ အမျိုးသား ၂၃ နှစ်အောက်၊ အမျိုးသားအငယ်တန်း ၁၉ နစ်အောက်တို့ ပါဝင်ခဲ့ပြီး ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ တရုတ်နဲ့ မြန်မာ စက်ဘီးစီး အားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။
“အခုလို စက်ဘီးစီးပြိုင်ပွဲရှိတယ်ဆိုတာကိုလည်း ကလေးငယ်တွေ သိစေချင်တယ်။ မန္တလေးမှာလုပ်ဖို့ စက်ဘီအဖွဲ့ချုပ်က မေတ္တာရပ်ခံလို့ ကျုံးဘေးလုပ်ဖို့ လက်ခံခဲ့တယ်။ ကျုံးကြီးကိုပဲ မန္တလေးက ဂုဏ်ယူရမှာပါ။ ဒီစက်ဘီးပြိုင်ပွဲမှာ လူငယ်တွေ လာကြည့်ကြတယ်။ မန္တလေးတိုင်းက လူငယ်တွေကို အားကစားဘက် ပြန်ပြီးလှည့်စေချင်တယ်။ ပြိုင်ပွဲအမျိုးမျိုးကို တတ်နိုင်သလောက်နဲ့ များများလုပ်ပေးဖို့ လိုလိမ့်မယ်” လို့ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။
အဆိုပါပြိုင်ပွဲကို ကျန်းမာရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ စက်ဘီးအားကစားအဖွဲ့ချုပ် (MCF) တို့ ပူးပေါင်းကျင်းပတာပါ။
“MCF အနေနဲ့ အရေးပါတဲ့ သမိုင်းမှတ်တိုင်သစ်တခုဖြစ်ပြီး နိုင်ငံအတွင်းက လူငယ်လေးတွေ စက်ဘီးအားကစား ပိုမိုစိတ်ဝင်စားပြီး တိုးတက်ကောင်းမွန်လာစေဖို့၊ စက်ဘီးစီအားကစားကို ပြည်သူ စိတ်ပါဝင်စားလာအောင်နဲ့ လူအများအကြား ပိုပြီး ပျံ့နှံ့သွားအောင် ဆောင်ရွက်သွားဖို့ဖြစ်တယ်။ လက်ရှိ အားကစားသမားတွေနဲ့ မျိုးဆက်သစ်တွေလည်း အတွေ့ အကြုံကောင်းတွေ ရနိုင်စေမယ့် အခွင့်အလမ်းကောင်းတခု ဖန်တီးပေးနိုင်တာပေါ့” လို့ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောပါတယ်။
အမျိုးသား ၂၃ နှစ်အောက်ပြိုင်ပွဲမှာ တရုတ်က ပထမ၊ ကမ္ဘောဒီးယားက ဒုတိယ နဲ့ အိန္ဒိယ က တတိယ၊ အမျိုးသားအငယ်တန်း ၁၉ နစ်အောက်မှာ ကမ္ဘောဒီးယား ပထမနဲ့ တတိယ၊ မြန်မာက ဒုတိယ အသီးသီးရရှိခဲ့ကြပါတယ်။