Home
မြန်မာသတင်း
တောင်သူများ ဆောင်းချေးငွေ စိစစ်ရေးအဖွဲ့ ထောက်ခံချက်ဖြင့် ချေးယူနိုင်
ပိုင်စိုး
·
November 11, 2018
စိုက်ပျိုးစရိတ်ချေးငွေထုတ်ရာမှာ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ မူရင်းပေးရမှာဖြစ်လို့ မိုးစပါးချေးငွေ ယူထားသူတွေအနေနဲ့ ဆောင်းချေးငွေအတွက် ချေးငွေစိစစ်ရေးအဖွဲ့တွေရဲ့ ထောက်ခံချက်နဲ့ ချေးလို့ရတယ်လို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ကြေညာပါတယ်။ ဆောင်းသီးနှံအတွက် ချေးငွေတွေကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွေကတဆင့် အောက်တိုဘာ ၂၆ ရက်ကစပြီး ထုတ်ချေးပေးနေတာပါ။ တောင်သူတွေ ပိုင်ဆိုင်တဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ ၇ မူရင်းကို ဘဏ်မှာ အပေါင်ထားပြီး တောင်သူ တယောက်ချင်း ကိုယ်တိုင်အာမခံစနစ်နဲ့ ချေးပေးနေတာဖြစ်ပါတယ်။ မိုးစပါးအတွက် ချေးထားသူတွေဟာ  ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဆပ်နိုင်တာဖြစ်လို့ ချေးထားသူတွေအနေနဲ့ အဲဒီလယ်ယာမြေမှာပဲ ဆောင်းသီးနှံစိုက်မယ်ဆိုရင် ထပ်ပြီး အပေါင်ထားစရာ ပုံစံ ၇ မရှိတော့ဘူး ဖြစ်နေတာပါ။ ဒါကြောင့် သီးထပ်စိုက်ပျိုးမယ့် တောင်သူတွေအနေနဲ့ မြေတနေရာတည်းမှာ စိုက်တာဆိုရင် အမှန်တကယ်စိုက်ပျိုးကြောင်း ရပ်ကွက် ကျေးရွာအုပ်စု ချေးငွေ စိစစ်ရေးအဖွဲ့၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီရဲ့ ထောက်ခံစိစစ်ချက်တွေအရ ထပ်ပြီး ချေးယူနိုင်တယ်လို့ ကြေညာပါတယ်။ ဒါပေမယ့် တောင်သူတယောက်အနေနဲ့ ဖြစ်ဖြစ်၊ မြေတနေရာတည်းအတွက် ဖြစ်ဖြစ် စိုက်ပျိုးစရိတ် ချေးငွေ ၂ မျိုးထက်ပိုပြီး ချေးခွင့်မရှိဘူးလို့လည်း ဆိုပါတယ်။ စပါးအတွက် တဧကချေးငွေကို အရင်က ကျပ် ၁ သိန်းကနေ အခု ၁၅၀,၀၀၀ အထိ၊ တခြား သီးနှံတွေအတွက် တဧကကို ကျပ် ၅ သောင်းပေးနေရာကနေ ၁ သိန်းအထိ ပေးနေတာပါ။ ၂၀၁၈ ခုနှစ်အတွက် ဆောင်းချေးငွေကို အောက်တိုဘာ ၂၆ ရက်ကနေ ဒီဇင်ဘာ လကုန်အထိ၊ ၂၀၁၉ မိုးကြိုချေးငွေကို ဇန်နဝါရီ ၁ ရက်ကနေ မတ်လကုန်အထိ၊ ၂၀၁၉ မိုးချေးငွေကို မေလ ၂ ရက်ကနေ စက်တင်ဘာလကုန်အထိ ချေးပေးသွားမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024