လက်စတာပိုင်ရှင်အတွက် ပရိသတ် ၃ သောင်းကျော် ၀မ်းနည်းကြောင်းပြသ

1.7K
လက်စတာစီးတီးအသင်းပိုင်ရှင် ဗီချိုင်း ရဟတ်ယာဉ်ပျက်ကျ သေဆုံးပြီးနောက် ပထမဆုံး အိမ်ကွင်းပွဲစဉ်ဖြစ်တဲ့ ဘန်လေအသင်းနဲ့ ပွဲမတိုင်ခင် ပရိသတ် ၃၀၀၀၀ ကျော်က မြို့တွင်းမှာ လမ်းလျှောက်ပြီး ဝမ်းနည်းကြောင်းပြသခဲ့ကြပါတယ်။
"ဗီချိုင်းအတွက် လမ်းလျှောက်ခြင်း" လို့ နာမည်ပေးထားတဲ့ အဲ့ဒီလမ်းလျှောက်ပွဲမှာ လက်စတာ အသင်းသားတွေဖြစ်တဲ့ တိုက်စစ်မှူး ဂျင်မီဗာဒီ၊ မက်ဒီဆင်နဲ့ မက်ဂွီရီတို့လည်း ပါဝင်ခဲ့ကြပြီး ပွဲကစားချိန်မှာတော့ မက်ဂွီရီနဲ့ မက်ဒီဆင်တို့ဟာ ဒူးဒဏ်ရာ ရရှိနေတာကြောင့် လူစားရင်းမှာ ပါဝင်လာခြင်းမရှိပါဘူး။
ပွဲအပြီးမှာတော့ လက်စတာနဲ့ ဘန်လေတို့ဟာ တဖက်နဲ့တဖက် ဂိုးသွင်းယူနိုင်ခြင်းမရှိလို့ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။
ပရိသတ်တွေဟာ အင်္ကျီအပြာရောင် ဆင်တူဝတ်ဆင်ခဲ့ကြပြီး ဗီချိုင်းဟာ ကလပ်အတွက် အများကြီးပေးဆပ်ခဲ့ပြီးဖြစ်ကြောင်း၊ အကောင်းဆုံး ဥက္ကဋ္ဌတဦးဖြစ်ကြောင်း စာတမ်းပါ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး ဝမ်းနည်းကြောင်း ပြသခဲ့ပါတယ်။
ဗီချိုင်းဟာ လက်စတာမြို့သားတွေအတွက် သမိုင်းတလျှောက် ပထမဆုံး ပရီးမီးယားလိဂ်ဆုဖလားကြီးကို ၂၀၁၆ ခုနှစ်မှာ ရယူပေးခဲ့ပြီး ကလပ်ကို ပြင်ဆင်မှု အမြောက်အမြားပြုလုပ်ပေးခဲ့သူဖြစ်ပါတယ်။
ဗီချိုင်းသေဆုံးပြီးနောက်မှာတော့ သားဖြစ်သူ အရီယာဝတ်ထ်က ဆက်လက်တာဝန်ယူနေပြီး ဖခင်ဖြစ်သူရဲ့ ကြိုးပမ်းမှုအတိုင်း အသင်းကို ဆက်လက်ပံ့ပိုးပေးသွားမယ်လို့ သိရပါတယ်။
လက်စတာစီးတီးအသင်းဟာ အခုနှစ် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။