ဝန်ထမ်းများကို ပိုးဟပ်စားခိုင်းသည့် တရုတ်မန်နေဂျာများကို ရဲကဖမ်းဆီး

သတ်မှတ်ထားတဲ့ Sales Target မပြည့်လို့ ဝန်ထမ်းတွေကို ပိုးဟပ်တွေစားခိုင်းတာအပြင် စက်ဆုပ်ဖွယ်အပြစ်တွေပေးခဲ့တဲ့ တရုတ်ကုမ္ပဏီတခုက မန်နေဂျာသုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်တယ်လို့ OC သတင်းမှာ ဖော်ပြပါတယ်။ ဒီဖြစ်ရပ်ဟာ တရုတ်နိုင်ငံ ဇန်ရီပြည်နယ်က အိမ်သုံးပစ္စည်းရောင်းဝယ်ရေး ကုမ္ပဏီတခုမှာ ဖြစ်ပွားခဲ့တာပါ။ ဒီလိုအပြစ်ဒဏ်ပေးခံခဲ့ရတဲ့ ဝန်ထမ်းတဦးက သူနဲ့သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဘယ်လို အပြစ်ပေးခံနေရလဲဆိုတာကို လူမှုကွန်ရက်ပေါ် တင်ခဲ့ပြီးနောက် ဒီဖြစ်ရပ် ပေါက်လာခဲ့ရတာပဲဖြစ်ပါတယ်။ ဒီလိုတင်ခဲ့တာတွေထဲမှာ ဗွီဒီယိုဖိုင်တခုလည်း ပါဝင်ခဲ့ပြီး အဲဒီဗွီဒီယိုဖိုင်မှာ အပေါ်ပိုင်း ဗလာကျင်းထားတဲ့ ဝန်ထမ်းတဦးကို မန်နေဂျာတဦးက ခါးပတ်နဲ့ရိုက်နေပြီး ကျန်တဲ့ ဝန်ထမ်းတွေက ရပ်ကြည့်နေရတဲ့ ပုံရိပ်တွေလည်း ပါဝင်ပါတယ်။ အပြစ်ပေးရတဲ့ အဓိကအကြောင်းအရင်က ဝန်ထမ်းတွေဟာ ကုမ္ပဏီက သတ်မှတ်ထားတဲ့ အရောင်းပမာဏကို မပြည့်မီလို့ဖြစ်ပြီး ဗီဒွီယိုဖိုင်မှာ ဝန်ထမ်းတွေက ခွက်ထဲက အဝါရောင် အရည်တွေကို သောက်နေရပုံလည်း ပါဝင်ပါတယ်။ ဒီအရည်တွေဟာ ဆီးတွေဖြစ်တယ်လို့ ယူဆရပါတယ်။ အမည်မဖော်လိုသူ ဝန်ထမ်းက သူ့မကျေနပ်ချက်တွေကို လူမှုကွန်ရက်ပေါ်တင်ခဲ့ပြီး နောက်ပိုင်းမှာ ဒီဗွီဒီယိုဖိုင်ကို ပြန်ဖျက်ခဲ့ပေမယ့် ဗွီဒီယိုပုံရိပ် srceenshoot တွေက အွန်လိုင်းမှာပျံ့နှံ့ခဲ့ပြီး ရဲတပ်ဖွဲ့က သတိပြုခဲ့မိပါတယ်။ ဝန်ထမ်းတွေအနေနဲ့ အရောင်းပမာဏ မပြည့်မီရင် မပြည့်မီမှုတခုစီတိုင်းအတွက် ဝန် ထမ်းခေါင်းဆောင်က ပိုးဟပ်သုံးကောင်စားရမယ်လို့ မန်နေဂျာဖြစ်သူက မက်ဆေ့ခ်ျပို့ကာ ခြိမ်းခြောက်သတိပေးထားပါတယ်။ ဒါ့အပြင် ရှာလကာရည် ဒါမှမဟုတ် အိမ်သာထဲက ရေတွေကို သောက်ရမယ်၊ လမ်းပေါ်မှာ ကွန်ဒုံး ဒါမှမဟုတ် အမျိုးသမီးလစဉ်သုံး ပစ္စည်တွေ ထွက်ရောင်းရမယ်ဆိုတာနဲ့ ခေါင်းတုံးတုံး ပစ်ရမယ်ဆိုတာတွေလည်း ပါဝင်တယ်လို့ ဒေသတွင်း သတင်းစာတွေက ဖော်ပြပါတယ်။ ဒီဖြစ်ရပ်ပေါ်ပေါက်လာပြီးတဲ့နောက်မှာ တရုတ်လူမှုကွန်ရက်အသုံးပြုသူတွေအားလုံးက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ပြီး ဒီလောက်ဆိုးရွားနေတာတောင် ဘာလို့ အလုပ်က မထွက်ကြသလဲလို့ မချိတင်ကဲ မေးခွန်းထုတ်ကြပါတယ်။ ဒါပေမယ့် မန်နေဂျာတွေက ဝန်ထမ်းတွေရဲ့ လုပ်ခနှစ်လစာကို ချုပ်ကိုင်ထားပြီး အလုပ်ထွက်ရင် ရစရာရှိတဲ့ လစာတွေကို လျော့ပစ်မယ်လို့ ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ လူမဆန်တဲ့ ပြစ်ဒဏ်တွေပေးတဲ့ ကုမ္ပဏီမန်နေဂျာတွေကို ဖမ်းဆီးထားပြီလို့လည်း ပြည်နယ်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံမှာ သတ်မှတ်အရောင်းပမာဏမပြည့်မီတဲ့ ဝန်ထမ်းတွေကို ပြင်းပြင်းထန်ထန် အပြစ်ပေးမှုတွေ မကြာခဏဖြစ်ပေါ်လေ့ရှိပြီး မကြာသေးခင် နှစ်အနည်းငယ်ကလည်း အရောင်း ပမာဏ မပြည့်တဲ့ ဝန်ထမ်းတွေကို လူလယ်ခေါင်မှာ လေးဘက်ထောက် သွားခိုင်းမှုတခု ပေါ်ပေါက်ခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up