A d v e r t i s e m e n t With Us

တောရိုင်းဝံပုလွေတကောင်နှင့်အတူနေထိုင်သည့် ရုရှားသားအဖ

ရုရှားနိုင်ငံက အမျိုးသားတယောက်ဟာ အရွယ်ရောက်ပြီးသား တောရိုင်း ဝံပလွေတကောင်နဲ့ အတူတကွနေထိုင်နေကြောင်း OC သတင်းဌာနမှာဖော်ပြပါတယ်။ အိုင်ဗန်ဟာ ဒီဝံပုလွေကို ငယ်ငယ်ကတည်းက စတင်မွေးစားခဲ့တာဖြစ်ပြီး အခုအရွယ်ရောက်လာတဲ့အထိ စွန့်ပစ်ဖို့ အစီစဉ်မရှိဘူးလို့ ဆိုပါတယ်။ တိုက်ခန်းကျဉ်းလေးတခုမှာ အိုင်ဗန်နဲ့ သူ့သမီးဖြစ်သူတို့ဟာ ဒီဝံပုလွေနဲ့ အတူနေထိုင်တာဖြစ်ပြီး ပတ်ဝန်းကျင်ရဲ့ စိန်ခေါ်မှုတွေရှိနေပေမယ့် ဂရေးလို့ခေါ်တဲ့ ဝံပုလွေမရှိရင် သူ့အတွက်နေရတာ အဆင်ပြေမှာ မဟုတ်ဘူးလို့လည်း အိုင်ဗန်ကပြောပါတယ်။ အိုင်ဗန်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အမဲပစ်ထွက်တဲ့အချိန် တောနက်တနေရာမှာ ဂရေးကို တွေ့ခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်တုန်းက ဂရေးနဲ့ သူ့ရဲ့ညီအစ်ကို တကောင်တို့ဟာ သားပေါက်အရွယ်လေးသာ ရှိသေးပါတယ်။ အိုင်ဗန်ကိုတွေ့တဲ့အချိန်မှာ ဂရေးက သူ့ကို ညင်သာစွာနှုတ်ဆက်ခဲ့လို့ သူတို့နှစ်ကောင်လုံးကို ခေါ်ယူမွေးစားခဲ့တာပဲဖြစ်ပါတယ်။ အိုင်ဗန်က ဝံပုလွေပေါက်လေး နှစ်ကောင်လုံးကို ပြုစုဖို့ မဖြစ်နိုင်တာကြောင့် ဂရေးရဲ့ ညီအစ်ကိုတစ်ကောင်ကို သူများကို ပေးခဲ့ပါတယ်။ ဂရေးရဲ့ညီအစ်ကိုက တောရိုင်းစိတ်မပျောက်ဘဲ ကြက်ငှက်တွေ ကိုက်ခြင်းတွေရှိပေမယ့် ဂရေးကတော့ အဲ့လိုမဟုတ်ဘဲ အခုချိန်ထိ အိမ်မွေးတိရစ္ဆာန်တစ်ကောင်လို နူးညံ့မှုရှိတယ်လို့ အိုင်ဗန်က ပြောပါတယ်။ အိုင်ဗန်ဟာ အရင်တုန်းက ရုရှားကျေးလက်ဒေသမှာနေထိုင်ခဲ့ပြီး မကြာသေးခင်ကတော့ ရုရှားနိုင်ငံရဲ့ မြို့ကြီးတမြို့ဖြစ်တဲ့ ဗော်ဂိုဂါ့ဒ်မှာရှိတဲ့ တိုက်ခန်းတခုကို ပြောင်းရွှေ့ခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာတော့ အိုင်ဗန်ရဲ့အခြေအနေတွေက ပြောင်းလဲလာခဲ့ပြီး တောရိုင်းတိရစ္ဆာန်တကောင်ကို ဆက်လက်မွေးဖွားဖို့မှာ စိန်ခေါ်မှုတွေ များစွာပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမယ့် အိုင်ဗန်တို့သားအဖဟာ ဂရေးကို အရင်အတိုင်း ဆက်လက်ထိန်းသိမ်းထားခဲ့ပြီး ဂရေးနဲ့အတူ မကြာခဏ လမ်းလျောက်ထွက်လေ့ရှိတယ်လို့လည်း ပြောပါတယ်။ လမ်းလျောက်ထွက်ချိန်မှာ တခြားခွေးတွေက ဂရေးကို ရန်လိုကြပေမယ့် ဂရေးကတော့ ရန်လိုတဲ့ အရိပ်အယောင်မျိုး လုံးဝမရှိဘူးလို့ ဆိုပါတယ်။ အိုင်ဗန်တို့သားအဖမှာ ဂရေးအပြင် နောက်ထပ် ရိုးရိုးခွေးတကောင်လည်းရှိပြီး သူတို့ဟာ တိုက်ခန်းကျဉ်းလေးမှာ အတူတကွ နေထိုင်နေရပေမယ့် ဂရေးကို လုံးဝစွန့်ပစ်မှာမဟုတ်ဘူးလို့ အိုင်ဗန်က အခိုင်အမာ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up