တားမြစ်ထားပေမယ့် ရွှေ့ပြောင်းလာသူများ အမေရိကန်သို့ ဆက်လက်ဦးတည်နေ

2.5K
ဗဟိုအမေရိကပြောင်းရွှေ့လာသူ လူအုပ်ကြီးကနေ ခွဲထွက်ခဲ့တဲ့ အဖွဲ့တဖွဲ့ဟာ နိုဝင်ဘာလ ၉ ရက်နေ့က အမေရိကန်နိုင်ငံဆီ ဆက်လက် ဦးတည်သွားနေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာလည်း အမေရိကန်-မက္ကဆီကို နယ်စပ်ကနေ လူဝင်ရောက်မှုကို ရက် ၉ဝ ကြာ ယာယီရပ်ဆိုင်းတဲ့ ကြေညာချက်ကို နိုဝင်ဘာလ ၉ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။
အဲဒီကြေညာချက်ဟာ နယ်စပ်ကနေ တရားမဝင် ဝင်လာပြီး အမေရိကန်နိုင်ငံအတွင်း နိုင်ငံရေးခိုလှုံခွင့် တောင်းခံမှုကို တားမြစ်မှာ ဖြစ်ပါတယ်။
သမ္မတထရမ့်ရဲ့ ကြေညာချက်မှာ အဖော်မပါတဲ့ နိုင်ငံခြားသားကလေးငယ်တွေ အကျုံးမဝင်ဘူးလို့လည်း အမေရိကန် တာဝန်ရှိသူတွေက ပြောပါတယ်။
လူအုပ်ကြီးကနေ ခွဲထွက်ခဲ့တဲ့ ပြောင်းရွှေ့လာသူတွေဟာ ဘတ်စ်ကားနဲ့ ကုန်ကားတွေပေါ် တက်ကြီး ခရီးဆက်ကြသလို ထောင်နဲ့ချီတဲ့ တခြားပြောင်းရွှေ့လာသူတွေဟာလည်း မက္ကဆီကိုစီးတီးရှိ အားကစားကွင်းမှာ ဆက်လက်ခိုလှုံနေတယ်လို့ သိရပါတယ်။
ပြောင်းရွှေ့လာသူတွေကို တုံ့ပြန်တဲ့အနေနဲ့ နိုဝင်ဘာလ ၉ ရက်နေ့က အမေရိကန်တပ်ဖွဲ့ဝင်တွေ မက္ကဆီိကိုနယ်စပ်မှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေပါတယ်။
မက္ကဆီကိုနိုင်ငံ ဖျူဒေါက်ကွာရက်စ်မြို့ဘက်ကနေ ရိုက်ကူးထားတဲ့ ဗွီဒီယိုထဲမှာ အမေရိကန် စစ်ရဟတ်ယာဉ်တွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို မြင်တွေ့ရပါတယ်။
ပြောင်းရွှေ့လာသူတွေဟာ မက္ကဆီကို တောင်ပိုင်းနဲ့ မက္ကဆီကိုစီးတီးမှာ ရှိနေပေမယ်လို့ အမေရိကန်သမ္မတ ထရမ့်က တပ်ဖွဲ့ဝင် ၁ သောင်းခွဲအထိ စေလွှတ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအရေအတွက်ဟာ အာဖဂန်နစ္စတန်မှာရှိတဲ့ အမေရိကန် တပ်ဖွဲ့ဝင်တွေထက် ပိုတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။