Home
မြန်မာသတင်း
တလေ-ရွှေလီ ရထားနှင့် ကားလမ်းပိုင်းများ မကြာခင်ပြီးမည်၊ မန္တလေးကို ဆက်ဖောက်မည်
DVB
·
November 10, 2018
တရုတ်ကနေ ကျောက်ဖြူအထူးစီးပွားရေးဇုန်ထိ ရောက်မယ့် လမ်းပိုင်းတွေထဲက တလေ-ရွှေလီ ရထားလမ်းပိုင်းနဲ့ ကားလမ်းပိုင်းတွေ မကြာခင်ပြီးတော့မှာဖြစ်ပြီး မန္တလေးလမ်းပိုင်းကို ဆက်လက်ဖောက်လုပ်သွားမယ်လို့ စီးပွားကူးသန်းက ပြောပါတယ်။ တရုတ်-မြန်မာစီးပွားရေးစင်္ကြန် (China - Myanmar Economic Corridor - CMEC) ဆောင်ရွက်နေတာဖြစ်ပြီး ဒီအစိတ်အပိုင်းထဲက တရုတ်နိုင်ငံ တလေကနေ ရွှေလီထိ ဖောက်လုပ်နေတဲ့ ရထားလမ်းပိုင်းနဲ့ ကားလမ်းပိုင်းတွေဟာ မကြာခင်ပြီးတော့မယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောပါတယ်။ "အဲဒါ တရုတ်-မြန်မာစီးပွားရေးစင်္ကြန်ဆိုပြီး လုပ်တာ။ လုပ်တဲ့အခါကျတော့ သူတို့လမ်းက အရင်တုန်းက တလေဆိုတာ တရုတ်ထဲမှာရှိတယ်။ အဲဒီ တလေကနေ ရွှေလီလမ်းက မကြာခင်ပြီးတော့မယ်။ ကားလမ်းရော ရထားလမ်းရော မကြာခင်ပြီးတော့မယ်" လို့ ဆိုပါတယ်။ ရွှေလီကနေ မန္တလေးထိ ဆက်လက်ဖောက်လုပ်မှာဖြစ်ပြီး မန္တလေးကနေ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ကျောက်ဖြူထိ နှစ်ခု ပြန်ခွဲသွားမယ်လို့လည်း ပြောပါတယ်။ "အဲကနေမှတဆင့် မှန်းထားတာက ဘယ်ကိုသွားမလဲဆို မန္တလေးကို သွားမယ်၊ မန္တလေးကနေမှ နှစ်ခု ပြန်ခွဲမယ်။ တခုက ရန်ကုန်မြို့သစ်စီမံကိန်းဘက်ကို ဆင်းမယ်၊ တခုကတော့ ကျောက်ဖြူဘက်ကို သွားမယ်" လို့ ဒုတိယ၀န်ကြီးက ဆိုပါတယ်။ မူဆယ်-မန္တလေးရထားလမ်းဖောက်လုပ်ရေး စီမံကိန်း ဖြစ်မြောက်နိုင်ခြေ လေ့လာမှုဆောင်ရွက်ဖို့ မြန်မာ့မီးရထားနဲ့ တရုတ်နိုင်ငံ China Railway Eryuan Engineering Group တို့ အောက်တိုဘာ ၂၂ နေ့က ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ လုပ်ငန်းအဖွဲ့ ၁၂ ခုဖွဲ့ထားပြီး နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဇုန်တွေ ထူထောင်ဖို့ ဆောင်ရွက်သွားမယ်လို့လည်း ဒုတိယ၀န်ကြီး ဦးအောင်ထူးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024