Home
မြန်မာသတင်း
မူးယစ်ဆေးဝါးထုတ်ရာတွင် အသုံးပြုသည့် ပရီကာဆာ ဓာတုပစ္စည်းများ ထိန်းချုပ်ရေးဆွေးနွေး
အောင်ကိုကိုလတ် (နေပြည်တော်)
·
November 8, 2018
မူးယစ်ဆေးဝါးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပရီကာဆာ ဓာတုပစ္စည်း ဝင်ရောက်မှုကို ထိန်းချုပ်နိုင်မှသာ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချ ဖြန့်ဖြူးနေတာတွေ လုံးဝ လျော့ကျသွားမယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ရဲမှူးကြီး ရွှေညာမောင်က ပြောပါတယ်။ “ပရီကာဆာမရှိဘဲနဲ့ မူးယစ်ဆေးဝါး ထုတ်လို့မရပါဘူး။ မူးယစ်ဆေးဝါးမှာ ကျနော်တို့ သုံးမျိုးကို သတ်မှတ်ထားပါတယ်။ Natural Drug (သဘာဝမူးယစ်ဆေးဝါးပစ္စည်းပါ ဘိန်းတွေ၊ ကိုကာတွေ၊ ဘိန်းစာပင်တွေ၊ ဒါတွေက Natural Drug ပါ။ Semi Synthetic Drug ဆိုတာ ရှိပါတယ်။ တဝက်တပျက် မူးယစ်ဆေးဝါးနဲ့ ဓာတုဗေဒပစ္စည်းတွေကို ပေါင်းစပ်ပြီး ထုတ်တဲ့ဟာက ဘိန်းဖြူတွေ၊ ကိုကင်းတွေ ဒါတွေက Semi Synthetic Drug ပေါ့။ ဒီနေ့ ယာဘတွေ၊ အက်စတက်စီတွေကတော့ Pure Synthetic Drug ဖြစ်ပါတယ်။ သဘာဝမပါဘူး။ ဓာတုပစ္စည်းတွေနဲ့ အချိန်မရွေး နေ့ရော ညရော ဒီ Synthetic Drug ကို ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ ပရီကာဆာကို ထိန်းချုပ်လိုက်မယ်ဆိုရင် ဒီ Synthetic Drug ထုတ်လုပ်မှုဟာ လုံးဝလျော့ကျသွားမှာ ဖြစ်ပါတယ်” လို့ ရဲမှူးကြီး ရွှေညာမောင်က ပြောပါတယ်။ နယ်စပ်တွေကနေ ပရီကာဆာ ဓာတုပစ္စည်း ဝင်ရောက်မှုတွေဟာ နှစ်စဉ် များပြားလာနေပြီး ၂၀၁၈ ခုနှစ် ဖမ်းဆီးရရှိမှု စာရင်းတွေအရဆိုရင် မြန်မာ-လာအိုနဲ့ မြန်မာ-တရုတ် နယ်စပ်တွေကနေ ကဖင်း ၂၀၁၆၁ ကီလို၊ ဆူဒိုအက်ဖီဒရင်း/အက်ဖီဒရင်း ဆေးပြား/အမှုန့် ၂၃၆၅ ကီလိုကို ဘိန်းချက်စခန်း တချို့ကနေ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆာလ်ဖျူရစ်အက်စစ် ၆၂၁၃၅ လီတာ၊ ဟိုက်ဒြိုကလိုရစ် အက်စစ် ၁၆၆၁၅၃ လီတာ၊ အီသိုင်း/အီသာ ၁၉၁၇၉၄ လီတာ၊ အက်စီတုန်း ၅၄၂၆၁ လီတာကို မြန်မာ-တရုတ် နယ်စပ်နဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ အသုံးပြုတဲ့ ဆိုဒီယမ်ဆိုင်ယမ်နိုက် ၂၃၅၅၀ ကီလိုကို မြန်မာ- ထိုင်းနယ်စပ်တွေမှာ ဖမ်းဆီးရမိခဲ့တယ်လို့လည်း သိရပါတယ်။ ဒေသတွင်း ပရီကာဆာ ထိန်းချုပ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ညီလာခံကို နိုဝင်ဘာ ၇ ရက်ကနေ ၉ ရက်အထိ နေပြည်တော်ရှိ M Gallery ဟိုတယ်မှာ ကျင်းပနေပါတယ်။ ညီလာခံမှာ နိုင်ငံအလိုက်ဖြစ်နေတဲ့ မူးယစ်ဆေးဝါး ပြဿနာတွေ၊ အသုံးပြုနေတဲ့ ဓာတုဗေဒ ပစ္စည်းတွေ၊ တရားဝင်လမ်းကြောင်းကနေ တရားမဝင်လမ်းကြောင်းကို ပြောင်းလဲသွားတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဥပဒေအရ ဘယ်လိုပူးပေါင်းကိုင်တွယ် ဖြေရှင်းကြမလဲဆိုတာ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဆွေးနွေးပွဲကနေ ဒေသအတွင်းမှာ ထိရောက်ဟန့်တားနိုင်တဲ့ ပရီကာဆာ ထိန်းချုပ်ရေး မဟာဗျူဟာတရပ် ပေါ်ထွက်လာတဲ့အထိ ဆွေးနွေးသွားဖို့ ရှိပါတယ်။ ညီလာခံကို ပြည်ထဲရေးဒုဝန်ကြီးနဲ့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ၊ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ၊ တရုတ်၊ အိန္ဒိယ၊ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေက အဆင့်မြင့်အရာရှိကြီးတွေနဲ့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ UNODC ရုံးက ဌာနေကိုယ်စားလှယ်တို့ တက်ရောက်ခဲ့ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024