အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသမီးအရေအတွက် စံချိန်တင် ရွေးကောက်ခံရ

ဓာတ်ပုံ - Kamil Krzaczynski/AFP/Getty Images
၂၀၁၈ အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသမီးအရေအတွက် စံချိန်တင် ရွေးကောက်တင်မြှောက်ခံရပါတယ်။ မင်နီဆိုးတားနဲ့ မစ်ရှီဂန်ပြည်နယ် မဲဆန္ဒရှင်တွေဟာ ဒီမိုကရက် မွတ်ဆလင် အမျိုးသမီး နှစ်ဦးကို ကွန်ဂရက်မှာ တာဝန်ထမ်းဖို့ ပထမဆုံးအကြိမ် ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။ ရွေးကောက်ခံရသူတဦးဟာ ဆိုမာလီယာ ပြည်တွင်းစစ်ကနေ ထွက်ပြေးလာခဲ့တဲ့ ဒုက္ခသည်ဟောင်း အီလန်အူမာဖြစ်ပြီး ကျန်တဦးကတော့ ဒက်ထရွိုက်မှာ မွေးဖွားတဲ့ ပါလက်စတိုင်း-အမေရိကန် ကပြား ရာရှီဒါတေလိတ် ဖြစ်ပါတယ်။ အလားတူ ရှရိဗ်ဒေးဗစ်နဲ့ ဒပ်ဟာလန်းဆိုတဲ့ ဒီမိုကရက် အမျိုးသမီးနှစ်ဦးဟာလည်း ပထမဆုံး ရွေးကောက်တင်မြှောက်ခံရတဲ့ ဌာနေတိုင်းရင်းသူ အမျိုးသမီးနှစ်ဦး ဖြစ်လာပါတယ်။ ဒီအတွက် ဒီမိုကရက်တွေဟာ သမ္မတ ထရမ့်ရဲ့ လုပ်ငန်းစဉ်ကို တားဆီးပြီး ထရမ့်အစိုးရကို ကြပ်ကြပ်မတ်မတ် စိစစ်သွားဖို့ရာ လမ်းပွင့်သွားခဲ့ပါတယ်။ ဒီရွေးကောက်ပွဲမှာ အထက်လွှတ်တော်ကို ရီပတ်ဘလစ်ကန်တွေ ဆက်လက်ထိန်းချုပ်နိုင်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

More News
Up