A d v e r t i s e m e n t With Us

အိမ်ရှေ့မင်းသား ချားလ်စ် နန်းလျာဆက်ခံရေးနှင့် ပတ်သက်ပြီး ဗြိတိန်ပြည်သူအချို့၏ အမြင်

ဗြိတိန်နန်းလျာကို ဆက်ခံမယ့် အိမ်ရှေ့မင်းသား ချားလ်စ်ဟာ လာမယ့် နိုဝင်ဘာ ၁၄ ရက်မှာ သက်တော် ၇၀ ပြည့်မှာ ဖြစ်ပါတယ်။ အိမ်ရှေ့မင်းသား ချားလ်စ် နန်းလျာဆက်ခံရေးနဲ့  ပတ်သက်ပြီး ဗြိတိန် ပြည်သူတချို့ရဲ့ အမြင်ကို စုစည်းဖော်ပြထားပါတယ်။ ၁၉၆၉ ခုနှစ်တုန်းက ချားလ်စ်ကို ဝေလမင်းသားအဖြစ် အခမ်းအနားနဲ့ တင်မြှောက်ခဲ့ပါတယ်။ ဒါပေမယ့် သက်တော် ၉၂ နှစ်အရွယ် မယ်တော် အဲလိဇဘက် ဘုရင်မကြီးဟာ အခုချိန်ထိ  ကျန်းမာရေး ကောင်းမွန်နေပြီး နန်းစွန့်ဖို့ အစီအစဉ် မရှိတာကြောင့် ထီးနန်းဆက်ခံရေး စောင့်ဆိုင်းနေရတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ချားလ်စ်ဟာ အနုပညာခုံမင်သူဖြစ်ပြီး ကနေဒါ တေးရေးဆရာ ဝီလျံကိုဟင်ရဲ့ ပရိသတ်တဦး ဖြစ်တယ်လို့လည်း သိရပါတယ်။ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဆိုင်မွန်လူးဝစ္စက “ဝေလမင်းသား ချားလ်စ်ဟာ သမိုင်းမှာ အသင့်အဖြစ်ဆုံး ဘုရင်တပါး ဖြစ်မှာပါ။ ကောင်းမွန်တဲ့ ရှင်ဘုရင်တပါး ဖြစ်လာမှာပါ။ အမှန်က သူဟာ ဘဝတလျှောက်လုံး ရှင်ဘုရင်ဖြစ်ဖို့ စောင့်စားနေတာပါ။ ချားလ်စ်ဟာ အဲဒီအတွက် ပြင်ဆင်ပြီး အသင့်ရှိနေပါတယ်” လို့ ဆိုပါတယ်။ အသက် ၁၈ နှစ်အရွယ် ကျောင်းသား အန်ထော်နီ ဟက်စလမ်ကလည်း “အင်္ဂလန်ကို ကိုယ်စားပြုတဲ့ ရှင်ဘုရင်တပါး လိုအပ်တယ်လို့ ထင်တယ်ဗျ။ ဝေလမင်းသား ချားလ်စ်က အဲဒီနေရာနဲ့ သင့်တော်လားဆိုတာတော့ ကျနော် မသိဘူး။ ဘာကင်ဟမ်နန်းတော်ရဲ့  ရုပ်ပြအနေနဲ့ အိမ်ရှေ့မင်းသား ဝီလျံလိုလူမျိုး လိုအပ်တယ်လို့တော့ ထင်တယ်။ ဒါဆို ကမ္ဘာလှည့်ခရီးသွားတွေ အများကြီး ရောက်လာကြမယ်။ အိမ်ရှေ့မင်းသား ဝီလျံက အဲဒါထက်ပိုပြီး လုပ်နိုင်ပါတယ်။ ဝေလမင်းသား ချားလ်စ်ဆိုရင်လည်း လုပ်နိုင်မှာပါ” လို့ ပြောပါတယ်။ ဝေလမင်းသား ချားလ်စ်ဟာ နန်းမွေဆက်ခံရေးကိစ္စ ဆွေးနွေးရမှာကို မနှစ်မြို့ပေမယ့် ဘုရင်မကြီး တိမ်းပါးသွားမယ့် အခါမျိုးအတွက် Operation London Bridge လို့ အမည်ရတဲ့ ထီးမွေဆက်ခံရေး အစီအစဉ်ကတော့ အသင့်ရှိနေပါတယ်။ အဲဒီမတိုင်ခင်အထိတော့ ချားလ်စ်မင်းသားဟာ အိမ်ရှေ့စံ အရိုက်အရာနဲ့ပဲ ဆက်ရှိနေမှာပါ။ ချားလ်စ်မင်းသားရဲ့ လက်ထောက်ဟောင်းတဦးကတော့ “လူတွေဟာ ရှင်ဘုရင်လို့ ပြောလိုက်ရင် အခွင့်ထူးတွေ၊ ငွေကြေးနဲ့ နန်းတော်အကြောင်းတွေပဲ စဉ်းစားကြတယ်။ တကယ်တော့ ရှင်ဘုရင်ဖြစ်ရတာဟာ အခွင့်ထူးခံဖြစ်ပေမယ်လို့ တာဝန်လည်း အတော်ကြီးပါတယ်။ ကျေန်ာတော့ အဲဒီလိုဘဝမျိုးကို ဘယ်သူ့ကိုမှ မရစေချင်ဘူး” လို့ ပြောခဲ့ဖူးပါတယ်။

A d v e r t i s e m e n t With Us

More News
Up