၁၃ နှစ်အရွယ် အိမ်ဖော်မိန်းကလေးကို ညှင်းပန်းနှိပ်စက်ခဲ့သည့် အိမ်ရှင်အား ဖမ်းဆီးအရေးယူ
DVB
·
November 7, 2018
၁၃ နှစ်အရွယ် အိမ်ဖော်မိန်းကလေးငယ်တဦးကို စိုးရိမ်ရတဲ့ဒဏ်ရာတွေရတဲ့အထိ နှစ်ရှည်လများ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ အိမ်ရှင်အား ရန်ကုန်မြို့မှာ ဖမ်းဆီးအရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မရမ်းကုန်းမြို့နယ်၊ ချယ်ရီလမ်း၊ အမှတ် ၁၃၀ ဒုတိယထပ်မှာ အိမ်ဖော်ကို အိမ်ရှင်က ညှင်းပန်းနှိပ်စက်လို့ ဒဏ်ရာတွေရထားတယ်ဆိုတဲ့ သတင်းအရ နိုဝင်ဘာ ၅ ရက်မှာ အမှတ် ၂ ရပ်ကွက် ရာအိမ်မှူး ဦးဆန်းကိုကိုက သွားရောက် မေးမြန်းခဲ့ပါတယ်။
အဲဒီမှာ အသက် ၁၃ နှစ်အရွယ် အိမ်ဖော် မအေးသန္တာကို မျက်နှာမှာ ဖူးရောင်ဒဏ်ရာတွေနဲ့ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဒဏ်ရာဟာ အသက် ၃၃ နှစ်အရွယ် အိမ်ရှင် မသိင်္ဂီထွန်းက နိုဝင်ဘာ ၅ ရက်မှာ ခြေထောက်နဲ့ ကန်လို့ ရတာတွေ ဖြစ်တယ်လို့ ရဲသတင်းမှာဖော်ပြပါတယ်။
ဒါ့အပြင် အိမ်ဖော်မိန်းကလေးဟာ လွန်ခဲ့တဲ့ ၂ လလောက်က ဓားနဲ့မွှန်းခံရလို့ ဘယ်ညာလက်မောင်းနဲ့ လက်ကောက်ဝတ်တွေမှာ ပြတ်ရှဒဏ်ရာတွေ၊ လွန်ခဲ့တဲ့ ၁ နှစ်လောက်က မီးပူနဲ့ ကပ်ခံရလို့ ညာဒူးမှာ ညိုမဲဒဏ်ရာဟောင်း၊ ရေနွေးပူနဲ့ လောင်းခံရလို့ ကျောမှာ ညိုမဲဒဏ်ရာဟောင်း၊ ဓားနဲ့ခုတ်ခံရလို့ ဦးခေါင်း ဘယ်ညာ ချိုစောင်းမှာ ပြတ်ရှဒဏ်ရာ အမာရွတ်ဟောင်းတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။
လက်ရှိမှာတော့ မအေးသန္တာဟာ အင်းစိန်ဆေးရုံမှာ စိုးရိမ်ရတဲ့ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရပါတယ်။ အိမ်ရှင် မသိင်္ဂီထွန်းကိုတော့ ဘုရင့်နောင်နယ်မြေရဲစခန်းမှာ ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၃၂၆ နဲ့ အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဓာတ်ပုံ-ရဲဇာနည်