Home
သတင်းဓာတ်ပုံ
ဘားအံမြို့တွင် ၆၃ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကျင်းပ
DVB
·
November 7, 2018
၆၃ နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားကို နိုဝင်ဘာ ၇ ရက် မနက် ၇ နာရီက ဘားအံမြို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်မှာ ကျင်းပပါတယ်။ အခမ်းအနားမှာ နိုင်ငံတော်သမ္မတ ဦးဝင်မြင့်ပေးပို့တဲ့ သဝဏ်လွှာကို တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်က ဖတ်ကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်၊ ဒေါ်နန်းခင်ထွေးမြင့်က အခမ်းအနားမိန့်ခွန်းကို ဆက်လက် ပြောကြားခဲ့ပါတယ်။ ကရင်ပြည်နယ်နေ့အခမ်းအနားကို အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်၊ တိုင်းရင်းသားလူမျိုးရေးရာ ပြည်ထောင်စုဝန်ကြီး ဦးနိုင်သက်လွင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ မွန်ပြည်နယ်က တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။ အခမ်းအနားမှာ ကရင်ပြည်နယ်အတွင်း ပြည်နယ်ဂုဏ်ဆောင်ခဲ့ကြတဲ့ အခြေခံပညာ ကျောင်းတွေ၊ ကျောင်းသား ကျောင်းသူတွေ၊ အားကစားသမားတွေ၊ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်တွေကို ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေက ဆုချီးမြှင့်ပေးခဲ့ပါတယ်။ ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဈေးရောင်းပွဲတော် မုဒ်ဦးဖွင့်ပွဲကိုတော့ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်က ဖွင့်လှစ်ပေးခဲ့ပါတယ်။ ကရင်ပြည်နယ်နေ့ပွဲတော်ကို နိုင်ဝင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ကရင်ဒုံးယိမ်းပြိုင်ပွဲ၊ ဌာနဆိုင်ရာပြခန်း၊ ဈေးရောင်းပွဲတော်၊ ကရင်ရိုးရာထမင်းဆိုင်၊ စတိတ်ရှိုး၊ ဇာတ်ပွဲတွေနဲ့ စည်းကားစွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ သတင်း - ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024