A d v e r t i s e m e n t With Us

အိန္ဒိယတွင် အဆိပ်သင့် လေထုညစ်ညမ်းမှု ပိုဆိုးလာ၊ ဒီပါဝလီပွဲတော် လိုက်နာရမည့်အချက်များ ထုတ်ပြန်

ဓာတ်ပုံ - Reuters
အိန္ဒိယနိုင်ငံမြို့တော်မှာ လေထုညစ်ညမ်းမှု အဆိပ်သင့်အဆင့်ထိ ဆိုးလာနေလို့ ဒီပါဝလီပွဲတော်မှာ လိုက်နာရမယ့် အချက်တွေကို တရားရုံးချုပ်က ထုတ်ပြန် ကြေညာထားပါတယ်။ မြူထူတဲ့ ရာသီဥတု အခြေအနေနဲ့ ဒေသတလွှား ရိုးပြတ်မီးရှို့မှုက ထွက်လာတဲ့ မီးခိုးတွေကြောင့် အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီက အဆိပ်သင့် လေထုညစ်ညမ်းမှု အခြေအနေဟာ နိုဝင်ဘာ ၅ ရက်မှာ ပိုဆိုးလာနေပါတယ်။ လေထုထဲမှာပါတဲ့ အချင်း ၂ ဒသမ ၅ မိုက်ခရိုမီတာထက် သေးတဲ့ အမှုန်တွေကို PM 2.5 လို့ ခေါ်ပါတယ်။ ဒီအမှုန်တွေဟာ အသက်ရှူလမ်းကြောင်းကနေတဆင့် အဆုတ်ထဲထိ ရောက်နိုင်လို့ အကြီးစား ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်တာပါ။ မြို့တော်တွင်း နေရာအများစုက လေထုထဲမှာ PM 2.5 တွေ ပါဝင်နှုန်းက အဆင့် ၄၀၀ ကျော်ခဲ့ပြီး တချို့နေရာတွေမှာတော့ အဆင့် ၆၀၀ ကျော်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) က သတ်မှတ်ထားတဲ့ အဆင့်ထက် ၂၄ ဆ ပိုများနေတာပါ။ ဒေသခံတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေဟာ မိးခိုးမြူထူတွေကြောင့် အသက်ရှူရခက်တယ်လို့ မကျေမနပ်ပြောရင်း အိမ်ပြင်လှုပ်ရှားမှုတွေကို လျှော့ချခဲ့ပါတယ်။ "မနက်တည်းက အသက်ရှူကျပ်တယ်၊ မျက်လုံးတောင်မဖွင့်နိုင်ဘူး၊ လမ်းလျှောက်နေရင်း အသက်ရှူရခက်ပြီး မျက်စိတွေ နာနေတယ်" လို့ နယူးဒေလီမြို့ခံ တယောက်က ပြောပါတယ်။ သြစတြေးလျ ကမ္ဘာလှည့်ခရီးသည် လီဆာကလည်း "ဒီမနက် အပြင်ထွက်ပြီး အခြေအနေကို မြင်တာနဲ့ ဟိုတယ်ကို ပြန်လာတယ်။ ဘာလို့လဲဆိုတော့ လေထုညစ်ညမ်းမှုက လည်ချောင်းနဲ့ မျက်လုံးတွေထဲထိ ရောက်လာလို့" လို့ ပြောပါတယ်။ ခုလိုအခြေအနေမှာ ဟိန္ဒူဘာသာဝင်တွေရဲ့ အမြတ်ဆုံးပွဲတော် ဒီပါဝလီကို နိုဝင်ဘာ ၇ ရက်မှာ ကျင်းပတော့မှာပါ။ အိန္ဒိယနိုင်ငံတွင်း ဟိန္ဒူလူ့အဖွဲ့အစည်းက ပွဲတော်အတွင်း မီးရှူးမီးပန်းတွေ ပစ်ဖောက်ကြဖို့ ရှိပါတယ်။ ဒေသခံ ပရစ်တီးက "မီးရှူးမီးပန်းတွေကို လုံးဝပိတ်ပင်သင့်တယ်။ လမ်းပေါ်က ကိုယ်ပိုင်ကားတွေ အရေအတွက်ကို လျှော့ချသင့်တယ်။ လူတွေ အများသုံး သယ်ယူပို့ဆောင်ရေးကို ပိုသုံးဖို့ မက်လုံးတချို့ ပေးသင့်တယ်ထင်တယ်" လို့ ပြောပါတယ်။ လေထုညစ်ညမ်းမှုလျှော့ချဖို့ ဒီပါဝလီပွဲတော်အတွင်း မီးသွေးနဲ့ ယမ်းစိမ်းအခြေပြု သမားရိုးကျ မီးရှူးမီးပန်းတွေအစား green firecrackers လို့ခေါ်တဲ့ နိုက်ထရိုဂျင် လောင်စာသုံး မီးခိုးမထွက်တဲ့ မီးပန်းတွေကို သုံးဖို့ တရားရုံးချုပ်က အောက်တိုဘာလမှာ ခွင့်ပြုခဲ့ပါတယ်။ တရက်ကို မီးပန်း ၂ နာရီသာ ပစ်ဖောက်ဖို့ကိုလည်း အချိန်ကန့်သတ်ပေးခဲ့ပါတယ်။ "ဥပဒေချိုးဖောက်သူတွေကို ချက်ချင်း အရေးယူမယ်။ လေထုညစ်ညမ်းမှုကို ဖြေရှင်းဖို့ အားထုတ်မှုတွေကို လျော့တိ လျော့ရဲ အဖြစ်ခံမှာ မဟုတ်ဘူး" လို့ အိန္ဒိယ သဘာဝပတ်ဝန်းကျင် ဝန်ကြီး ဟာ့ရှ် ဗာဒန်က ပြောပါတယ်။ ဒါပေမယ့် ခုလိုအမိန့်ဟာ အကောင်အထည်ဖော်ဖို့ ခက်လိမ့်မယ်လို့ ပညာရှင်တွေက ယုံကြည်နေကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up