Miki-ko တံဆိပ် ချယ်ရီသီးနှင့် တရုတ်ဆီးသီး ရောင်းချသူများကို တရားစွဲအရေးယူမည်
DVB
·
November 7, 2018
Miki-ko အမှတ်တံဆိပ်ပါ ချယ်ရီသီးနဲ့ တရုတ်ဆီးသီးတွေမှာ ခွင့်မပြုဆိုးဆေး ပါဝင်နေလို့ စားသုံးဖို့ မသင့်တဲ့အကြောင်းနဲ့ ဖြန့်ဖြူးရောင်းချနေသူတွေကို အရေးယူမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာပါတယ်။
ကျန်းမာရေးဌာနဟာ ဈေးကွက်ထဲရောင်းချနေတဲ့ အစားအသောက်တွေကို ဈေးတွေနဲ့ ကျောင်းမုန့်ဈေးတန်းတွေကနေ ၀ယ်ယူစစ်ဆေးနေရာမှာ Miki-ko တံဆိပ် တရုတ်ဆီးသီးနဲ့ ချယ်ရီသီးတွေမှာ ခွင့်မပြု ဆိုးဆေး Rhodamine B ပါဝင်နေတာတွေ့ရလို့ စားသုံးဖို့ မသင့်ကြောင်း အရင်ကလည်းက ကြေညာခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် Miki-ko အမှတ်တံဆိပ် စားသောက်ကုန်တွေကို ဈေးကွက်ထဲမှာ အများအပြား ဆက်လက် ဖြန့်ဖြူးရောင်းချနေတာကို တွေ့နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဆိုပါ စားသောက်ကုန်တွေမှာ Miki-ko အမှတ်တံဆိပ်ကလွဲပြီး ကျန်တဲ့စာသားတွေကို ထိုင်းဘာသာနဲ့ ရေးသားထားတယ်လို့လည်း ဆိုပါတယ်။
စားသုံးဖို့မသင့်ကြောင်း ထုတ်ပြန်ကြေညာထားတဲ့ အစားသောက်တွေကို ထုတ်လုပ် ဖြန့်ဖြူးရောင်းချတာမလုပ်ကြဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသား အစားအသောက် ဥပဒေပုဒ်မ ၂၈(က)အရ တရားစွဲသွားမယ်လို့ အသိပေးကြေညာထားပါတယ်။