Home
မြန်မာသတင်း
မြစ်ကြီးနားတွင် ကြားဖြတ်ရွေးကောက်ပွဲရလဒ် ကန့်ကွက်သူမရှိဟု ကော်မရှင်ပြော
DVB
·
November 5, 2018
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်ပြီး ကန့်ကွက်လွှာတင်သွင်းသူမရှိဘူးလို့  ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဒေါ်မေရီမီနန်က ပြောပါတယ်။ ကြိုတင်မဲတွေ မရောက်ခင်ကတည်းက ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းက အနိုင်ရနေတာလို့လည်း ပြည်နယ်ကော်မရှင် တာဝန်ရှိသူက ပြောပါတယ်။ “မဲရုံမှာပေးတဲ့ မဲတွေမှာကိုက စုစုပေါင်း ပြည်ခိုင်ဖြိုးက သာပါတယ်။ ကျမတို့ဆီမှာ လောလောဆယ် တရားဝင်  ကန့်ကွက်ထားတာ မရှိပါဘူး။ ဥပဒေအရလည်းပဲ ဒီ မဲ မဲရလဒ်ပေါ့နော် လွှတ်တော်ကိုယ်စားလှယ် အရွေးခံရတာနဲ့ပတ်သက်ပြီး မကျေနပ်ရင် ကန့်ကွက်ရင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (ယူအီးစီ) ကိုပဲ တက်ရမှာ ဖြစ်ပါတယ်”  ကချင် ပြည်နယ် ကော်မရှင် ဥက္ကဋ္ဌ ဒေါ်မေရီမီနန်က ပြောပါတယ်။ အမျိုးသားလွှတ်တော်အတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှာ ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂သိန်းကျော်ရှိပြီး အမှန်တကယ် မဲလာပေးသူက ၆၉၀၀၀ ကျော် ရာခိုင်နှုန်းအားဖြင့် ၃၄ ဒသမ ၁၆ ရာနှုန်းပဲ ရှိတယ်လို့ ပြည်နယ် ကော်မရှင်ရုံးက သိရပါတယ်။ မြစ်ကြီးနားမဲဆန္ဒနယ်မှာ ကိုယ်စားလှယ်လောင်း  ၆ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးဆီဟူးဒွေ့က  ခိုင်လုံမဲ အရေအတွက် ၂၃၈၈၆ နဲ့ အနိုင်ရသွားပါတယ်။ ကချင်ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်လောင်း ဦးကွမ်ဂေါင်အောင်ခမ်းက ၁၉ ၁၁၂ မဲနဲ့ ဒုတိယ မဲအများဆုံးရရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဒေါ်ယမ်ခေါန်က  ၁၈၉၉၉ မဲ ရရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024