Home
မြန်မာသတင်း
ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်အား ဆေးကုမပေးသည့် ဆရာဝန်ကို စစ်ဆေးမည်
ပိုင်စိုး
·
November 4, 2018
ပြန်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်ကို ဆေးသွားမကုပေးလို့ ဆရာဝန်တယောက်ကို ဌာနတွင်း စစ်ဆေးဖို့ စီစဉ်နေပါတယ်။ ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို လုပ်ငန်းတာဝန်နဲ့ ရောက်နေတဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကို ငပလီကမ်းခြေက Sliver Beach ဟိုတယ်မှာ ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့အတွက် ငပလီဆေးရုံလက်ထောက်ဆရာဝန် ဒေါက်တာ စုနန္ဒာကျော်ကို ဒုတိယ ခရိုင်ကုသရေးဦးစီးမှူးက အောက်တိုဘာ ၂၈ ရက်မှာ ညွှန်ကြားခဲ့ပေမယ့် မသွားခဲ့ဘူးလို့ နိုဝင်ဘာ ၁ ရက်စွဲနဲ့ ထုတ်တဲ့ ရုံးတွင်းစာမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေအရ ဌာနဆိုင်ရာ စစ်ဆေးဖို့အဖွဲ့ကို ပြည်နယ် ကျန်းမာရေးက ဖွဲ့စည်းလိုက်တာပါ။ အခုလို စစ်ဆေးတယ်ဆိုတာဟာ ပိုကောင်းတဲ့ စနစ်တခု ဖြစ်လာဖို့အတွက်ပါလို့ ပြည်နယ် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ ကြည်လွင်က ဒီဗွီဘီကို ပြောပါတယ်။ “ဒါက ဌာနတွင်းကိစ္စပါ။ စစ်ဆေးတယ်ဆိုတာက ဘာတွေအခက်အခဲရှိလဲ၊ ဘာတွေ ပြင်ဖို့လိုလဲဆိုတာ သိဖို့ပါ။ ဒီထက်ပိုကောင်းတဲ့ System (စနစ်) တခု ဖြစ်လာဖို့အတွက်ပါ။ စစ်ဆေးတဲ့အဖွဲ့က သုံးသပ်ချက်တွေ၊ အကြံပြုချက်တွေ တင်ပြဖို့လည်း တာဝန်ပေးထားပါတယ်။ စစ်တယ်ဆိုတိုင်း အရေးယူဖို့ မဟုတ်ပါဘူး” လို့ ပြောပါတယ်။ အဲဒီ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်ကို သွားရောက်ကုသဖို့ဆိုတဲ့ရက်ဟာ သံတွဲမြို့မှာ ပြုလုပ်တဲ့ ကလေး စာပေပွဲတော်အတွက် ပြန်ကြားရေးဝန်ကြီးနဲ့အဖွဲ့ ရောက်ရှိနေတဲ့ရက်ဖြစ်ပါတယ်။ ညွှန်ချုပ်ဟာ ညစာစားပြီး ရုတ်တရက်မူးလဲခဲ့တယ်လို့ အနားမှာ ရှိနေသူတယောက်က ပြောပါတယ်။ ဒီလို ဆရာဝန် လာရောက်ကုသပေးဖို့ ပြည်နယ်လူမှုရေးဝန်ကြီးက လမ်းညွှန်ခဲ့တယ်လို့ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းတဲ့ ရုံးစာမှာ ဖော်ပြထားပြီး လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာကို ဒီဗွီဘီက ဖုန်းခေါ်ပေမယ့် မရခဲ့ပါဘူး။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024