Home
မြန်မာသတင်း
ဆိပ်ကမ်းမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်း အနိုင်ရ
DVB
·
November 3, 2018
ဒီကနေ့ ကျင်းပပြီးစီးသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်က ခိုင်လုံမဲ အများစုနဲ့ အနိုင်ရသွားပါတယ်။ ဆိပ်ကမ်းမြို့နယ်မှာ  အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ဒေါ်ခင်မာလာ၊ တသီးပုဂ္ဂလ ဦးခင်လှိုင်၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီက ဦးဇီဝ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးနေမျိုးအောင်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးမောင်လှကျော်၊ ပြည်သူ့ အလုပ်သမားပါတီက ဦးရန်နောင်စိုးမြင့်၊ အမျိုးသားတိုးတက်ရေးပါတီက ဦးသက်ထွန်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးသန်းထိုက်အောင်နဲ့ ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ် ဒီမိုကရေစီပါတီက ဒေါ်အယ်လ်ဘောက်ဆိုင်တို့ ယှဉ်ပြိုင်ခဲ့ကြတာပါ။ ဆိပ်ကမ်းမြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက်  မဲရုံ ၂ ရုံသာ ဖွင့်လှစ်ကျင်းပတာ ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၄၃၄ ယောက်ရှိတဲ့အထဲက လူပေါင်း ၉၁၁ ယောက် ဆန္ဒမဲ လာရောက်ပေးခဲ့ကြပါတယ်။ ဆိပ်ကမ်းမဲဆန္ဒနယ် မိသားစုရပ်ကွက် မဲရုံအမှတ် (၁) မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်   ဦးနေမျိုးအောင်က ခိုင်လုံမဲ ၂၂၆ မဲ၊ အန်အယ်လ်ဒီပါတီကိုယ်စားလှယ် ဦးသန်းထိုက်အောင်က ၁၇၁ မဲ ရရှိခဲ့ပါတယ်။ ဆိပ်ကမ်းမဲဆန္ဒနယ် ရဲရိပ်သာ မဲရုံအမှတ် ၂ မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်   ဦးနေမျိုးအောင်က အန်အယ်လ်ဒီပါတီကိုယ်စားလှယ် ဦးသန်းထိုက်အောင်ထက်ကို ခိုင်လုံမဲ ၂၀၀ လောက် အသာရရှိနေပါတယ်။ ကြိုတင်မဲကတော့ မဲရုံအမှတ် (၁) မှာ စုစုပေါင်း ၂၁ မဲရှိတဲ့အနက် ဦးနေမျိုးအောင်က ၁၅ မဲ၊ ဦးသန်းထိုက်အောင်က ၅ မဲနဲ့ ဒေါ်ခင်မာလာက ၁ မဲ ရရှိပါတယ်။  ရဲရိပ်သာရပ်ကွက် မဲရုံအမှတ် (၂) မှာတော့ ကြိုတင်မဲ ၁၂ မဲရှိရာမှာ ဦးနေမျိုးအောင်က ၇ မဲ နဲ့ ဦးသန်းထိုက်အောင် ၅ မဲ ရရှိပါတယ်။ ဆိပ်ကမ်းမြို့နယ်မှာ  နိုင်ငံရေးပါတီ ၈ ပါတီက ကိုယ်စားလှယ်လောင်း ၈ ယောက်၊ တသီး ပုဂ္ဂလကိုယ်စားလောင်း ၁ ယောက်၊ စုစုပေါင်း ၉ ယောက် ဝင်ပြိုင်တာ ဖြစ်ပြီး လစ်လပ် ၁၃ နေရာထဲမှာ မဲဆန္ဒရှင်အနည်းဆုံးနဲ့ ကိုယ်စားလှယ်လောင်း အများဆုံးဝင်ရောက်ယှဉ်ပြိုင်တဲ့ နေရာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024