Home
မြန်မာသတင်း
သီပေါမြို့နယ်၌ ရှမ်းတပ်ဖွဲ့ ၂ ခု တိုက်ပွဲဖြစ်၊ ရွာသား ၃၀၀ ကျော်ထွက်ပြေး  
နန်းမြနဒီ
·
November 2, 2018
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာအုပ်စုထဲမှာ RCSS/SSA ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ SSPP/SSA  ရှမ်းပြည်တပ်မတော်မြောက်ပိုင်းတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုဖြစ်ပွားပြီး ရွာသား ၃၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ဒီနေ့မနက် ၁၁ နာရီလောက်က နားမခေါ်ကျေးရွာနဲ့ ၀မ်ဟုမ်ကျေးရွာ အကြားရှိ RCSS/SSA တပ်ဖွဲ့ဝင်တွေရှိရာဘက်ကို SSPP/SSA  တပ်ဖွဲ့ဝင်တွေက ပိုမိုတဲ့အင်အားနဲ့ လာရောက် ၀ိုင်းရံတဲ့ အတွက် ပစ်ခတ်မှုရှိခဲ့တယ်လို့ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဦးက  ဒီဗွီဘီကို ပြော ပါတယ်။ “ကျနော်တို့လူတွေ ရှိတဲ့ဘက်ကို SSPP ဘက်က ပိုများတဲ့အင်အားနဲ့ လာဝိုင်းတော့ ၁ နာရီလောက် ပစ်ခတ်မှုတွေရှိခဲ့တယ်။ အဖွဲ့ဝင်တချို့ကို ဖမ်းသွားတယ်လို့ ပြောတယ်။ ၀မ်ဟုမ်ရွာက နေအိမ်တလုံး ဖျက်ဆီးမီးရှို့ခံရပြီး ရွာသားတချို့လည်း အဖမ်းခံရတယ်။ တခြားရွာသားတွေလည်း  ထွက်ပြေးတိမ်းရှောင်နေတယ်။” ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းသန်းအောင်ကတော့ တပ်ဖွဲ့ဝင်တွေ လှုပ်ရှားသွားလာရင်း ပက်ပင်းတိုးမိတာကြောင့် ပစ်ခတ်မှုဖြစ်တာလို့  ဆိုပါတယ်။   RCSS/SSA ဟာ အန်စီအေလက်မှတ်ထိုးပြီးတဲ့နောက် ရှမ်းပြည်မြောက်ပိုင်းဘက်ကို  နယ်မြေတိုးချဲ့လာလို့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် TNLA ပလောင်တပ်၊ SSPP ရှမ်းတပ်တို့နဲ့ ပစ်ခတ်မှုဖြစ်တာဖြစ်တယ်၊ တိုက်ပွဲမဖြစ်ပွားအောင် RCSS ကို ရှမ်းပြည်တောင်ပိုင်းကို ပြန်ဆုတ်ပေးဖို့ ညှိနှိုင်းခဲ့ပေမယ့် အဆင်မပြေဘူးလို့  ဗိုလ်မှူး စိုင်းသန်းအောင်က ပြောပါတယ်။.    RCSS ကတော့  သူတို့တပ်ဖွဲ့ဝင်တွေဟာ  ရှမ်းပြည်တပ်မတော် တောင်ပိုင်းမြောက်ပိုင်းရယ်လို့ ဖြစ်မလာခင်၊ အန်စီအေလက်မှတ်မထိုးခင်ကတည်းက ရှမ်းပြည်မြောက်ပိုင်းမှာပါ လှုပ်ရှား နေတယ်လို့ ဆိုပါတယ်။ TNLA နဲ့ရော SSPP နဲ့ပါ ဘယ်အချိန်ကမှ သူ့နယ်မြေ ကိုယ့်နယ်မြေဆိုပြီး သဘောတူ ထားတာ၊ ကန့်သတ်ထားတာမရှိကြောင်း၊ ရှမ်းပြည်တပ်မတော်အနေနဲ့ ရှမ်းပြည်နယ်ရဲ့ ဘယ်နေရာမဆို သွားခွင့်ရှိရမယ်လို့လည်း ပြောပါတယ်။ RCSS နဲ့  SSPP တို့ဟာ ပြီးခဲ့တဲ့အပတ်ကလည်း လားရှိုးနဲ့ နမ္မတူမြို့နယ်ကြားမှာ ထိတွေ့ပစ်ခတ်ခဲ့ပြီး အနီးနားရှိ ၀မ်ဗြိန်း၊ အီနိုင်းစတဲ့ရွာတွေက ရွာသားတွေ ၁၀၀၀ ကျော် လားရှိုးမြို့ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ ဒီမနက်က ဖြစ်ပွားတဲ့ ပစ်ခတ်မှုတွေကြောင့် တာ့လုံ၊ ဟိုနား၊ တွန်ကျိုင်းစတဲ့ ရွာသုံးရွာက လူဦးရေ ၃၀၀ ကျော် နားမခေါ်ကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေပြီး သူတို့ကို လိုအပ်တဲ့ အကူအညီပေးဖို့ အဲဒီကိုသွားနေတယ်လို့ သီပေါမြို့ နယ်စည်းမခြားပရဟိတအဖွဲ့ဝင် ၁ ဦးက ဒီဗွီဘီကို ပြောပါတယ်။   ဓာတ်ပုံ - Sai Om Seng
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024