Home
မြန်မာသတင်း
ချင်းပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားသူမြင့်တက်နေ
ရွှေအောင်
·
November 1, 2018
ချင်းပြည်နယ်၊ ကန်ပက်လက်နဲ့ မတူပီမြို့တို့မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် အသင့်ဖြစ်နေပြီး ဒေသခံတိုင်းရင်းသားတွေကလည်း ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားတယ်လို့ သက်ဆိုင်ရာကော်မရှင်တွေက ပြောပါတယ်။ ကန်ပက်လက်မှာ လစ်လပ်နေတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲလုပ်မှာဖြစ်ပြီး ဒုတိယအကြိမ်မဲစာရင်းကပ်ရာမှာ လာကြည့်သူ အရေအတွက်မြင့်တက်လာတယ်လို့ မြို့နယ်ကော်မရှင်အတွင်းရေးမှူး ဦးတီလောက ပြောပါတယ်။ “ဒေသခံတွေရဲ့ ရွေးကောက်ပွဲအပေါ် စိတ်ပါဝင်စားမှုကို ပြောရမယ်ဆိုရင် ပထမအကြိမ် မဲစာရင်းကပ်ထားတုန်းက မဲစာရင်းလာရောက်ကြည့်မှုဟာ ၃၃ ရာခိုင်နှုန်း ရှိတယ်။ ဒုတိယအကြိမ် မဲစာရင်လာကပ်တုန်းက ၄၁ ရာခိုင်နှုန်းရှိတယ်။" ကန်ပက်လက်မြို့နယ်မှာ ရပ်ကွက် ၁၂ ခု၊ ကျေးရွာအုပ်စု ၂၆ ခု၊ မဲရုံပေါင်း ၆၉ ရုံရှိပြီး ဆန္ဒမဲပေးနိုင်သူပေါင်း  ၁၂၄၄၉ ယောက် ရှိပါတယ်။ မဲဆန္ဒရှင် ၉၃ ရာခိုင်နှုန်းဟာ ချင်းတိုင်းရင်းသားတွေဖြစ်ကြပြီး တောင်ပေါ်ဒေသဖြစ်လို့ လူဦးရေ ကျဲပါးပါတယ်။ ကန်ပက်လက်မဲဆန္ဒနယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ချင်းတိုင်းရင်းသားပါတီ ၂ ပါတီ အပါအ၀င် ကိုယ်စားလှယ်လောင်းပေါင်း ၄ ဦး ၀င်ရောက်ယှဉ်ပြိုင်မှာပါ။ မတူပီ မဲဆန္ဒနယ်အမှတ် ၁ မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ချင်းဒီမိုကရေစီအဖွဲ့ ချုပ်ပါတီက ကိုယ်စားလှယ်လောင်း ၂ ဦး ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ မတူပီ အမှတ် ၁ မဲဆန္ဒနယ်မှာ ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၃၄ ခု၊ မဲရုံပေါင်း ၇၀ နဲ့ မဲပေးနိုင်သူပေါင်း ၁၇၃၆၂ ဦး ရှိပြီး ကန်ပက်လက် မဲဆန္ဒနယ်ထက် မဲပေးနိုင်သူ လူဦးရေ ပိုများပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မကြာသေးခင်က ကန်ပက်လက်ခရီးစဉ် သွားရောက်ခဲ့ပြီး  ကန်ပက်လက်မြို့နယ်ကော်မရှင်အတွင်းရေးမှူး ဦးတီလော ကတော့ ဒီခရီးစဉ်ဟာ နိုင်ငံတော်က လူကြီးတဦးရဲ့ ခရီးစဉ်သာ ဖြစ်တယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024