သီရိလင်္ကာ နိုင်ငံရေးအကျပ်အတည်း အကြမ်းဖက်မှုအသွင်ဆောင်လာ

ဓာတ်ပုံ - Reuters
2K
သီရိလင်္ကာနိုင်ငံရေး အကျပ်အတည်းဟာ လူတဦး သေဆုံးပြီးနောက် အောက်တိုဘာ ၂၈ ရက်နေ့က အကြမ်းဖက်မှုအသွင် ဆောင်လာခဲ့ပါတယ်။
သီရိလင်္ကာသမ္မတဟာ အောက်တိုဘာ ၂၆ ရက်နေ့က ဝန်ကြီးချုပ် ရာနေးလ်ကို ရာထူးက ရုတ်တရက်ထုတ်ပယ်ပြီး သမ္မတဟောင်း မဟင်ဒါကို ဝန်ကြီးချုပ်သစ်အဖြစ် အစားထိုး ခန့်အပ်ခဲ့တဲ့အတွက် နိုင်ငံရေးအကျပ်တည်း ဖြစ်ပေါ်လာတာပါ။
အောက်တိုဘာ ၂၈ ရက်နေ့က နိုင်ငံပိုင် ရေနံကုမ္ပဏီရုံးချုပ်မှာ အကြမ်းဖက်မှုဖြစ်ခဲ့ပြီး တဦးသေဆုံး၊ နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
အလုပ်သမားသမဂ္ဂဝင်တဦးက “ဝန်ကြီးဟောင်း အာဂျူနာရုံးခန်းမှာ ဖိုင်တွေလာယူတယ် ကြားတာနဲ့ သမဂ္ဂဝင်တွေဟာ ရုံးချုပ်ကို သွားကြတယ်။ အဲဒီမှာ သမဂ္ဂဝင်တွေက အလုပ်သမားတွေနဲ့ ဆွေးနွေးဖို့ ကြိုးပမ်းနေချိန်မှာပဲ ဝန်ကြီးက လုံခြုံရေးကို ပစ်မိန့်ပေးခဲ့တယ်။ အဲဒီအတွက် အလုပ်သမားနှစ်ဦး ရင်ဘတ်မှာ ဒဏ်ရာရခဲ့တယ်” လို့ ပြောခဲ့ပါတယ်။
အဲဒီအတွက် ပစ်ခတ်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်ကို ဖမ်းဆီးထားပြီး စုံစမ်းရေး လုပ်ဆောင်နေတယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။