Home
မြန်မာသတင်း
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အာရှ - ပစိဖိတ် တရားရေးညီလာခံ နေပြည်တော်တွင် ကျင်းပ
DVB
·
October 29, 2018
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရာသီဥတု ပြောင်းလဲမှုတွေအတွက် တရားရုံး စီရင်ဆုံးဖြတ်မှုဆိုင်ရာ အာရှ - ပစိဖိတ် တရားရေးညီလာခံကို အောက်တိုဘာ ၂၉ ရက်က နေပြည်တော်ရှိ Hilton ဟိုတယ်မှာ ၂ရက်ကြာ ကျင်းပပါတယ်။ ညီလာခံကို အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ နိုင်ငံတွေ၊ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနဲ့ ဘရာဇီးနိုင်ငံတွေက တရားသူကြီးချုပ်တွေ၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)၊ ကမ္ဘာ့ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ် (UNEP)တို့က တာဝန်ရှိသူတွေက တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက “ဒေသဆိုင်ရာ ညီလာခံကြီးက ဆွေးနွေး အကြံပြုချက်တွေကနေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ရာသီဥတု ပြောင်းလဲရေးနဲ့ ဆက်စပ်ပတ်သက်တဲ့ ပြဿနာတွေအပေါ်မှာ တရားရုံးတွေအနေနဲ့ အခုထက် ပိုမို ကိုင်တွယ်ဖြေရှင်းနိုင်၊ စစ်ဆေးနိုင်စေဖို့ နည်းနာနိဿယတွေ နိုင်ငံတရာစံနှုန်းနဲ့ ကျင့်သုံးမှုတွေ သိရှိလာနိုင်လိမ့်မယ်”လို့ ပြောပါတယ်။ ညီလာခံမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ရာသီဥတုပြောင်းလဲရေးနဲ့ ပတ်သက်တဲ့ ဥပဒေ မူဘောင်တွေအပေါ် စိန်ခေါ်မှုတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူ့အခွင့်အရေး၊ မြို့ပြတွေ လျင်မြန်စွာ ကျယ်ပြန့်ဖြစ်ထွန်းလာမှုနဲ့ ဆက်စပ်ပုံတွေ၊ တရားစီရင်ရေးဆိုင်ရာ ရှုထောင့်၊ မှုခင်းတွေ စွဲဆိုဆောင်ရွက်ပုံနဲ့ စိန်ခေါ်မှုစတဲ့ ခေါင်းစဉ်တွေနဲ့  ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ နိုင်ငံတော်သည် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရမည်လို့ မြန်မာနိုင်ငံရဲ့  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁)က နိုင်ငံတော် အခြေခံမူများ အခန်း၊ ပုဒ်မ ၄၅ မှာ ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ သစ်တောတွေ၊ ဇီဝမျိုးစုံမျိုးကွဲတွေ၊ သဘာဝသယံဇာတတွေ၊ ထိန်းသိမ်းထားတဲ့ နယ်မြေတွေကို ပိုမို ထိရောက်ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် ခေတ်နဲ့  လျော်ညီတဲ့ ပြစ်မှုပြစ်ဒဏ်တွေကို ပြောင်းလဲ သတ်မှတ်ပြဋ္ဌာန်းပြီး ဆောင်ရွက်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024