Home
မြန်မာသတင်း
မြန်မာကိုပေးထားသည့် ကုန်သွယ်မှုအထူးအခွင့်အရေး ပြန်ရုပ်သိမ်းသင့်မသင့် အီးယူဆွေးနွေး
အာကာ
·
October 29, 2018
မြန်မာကိုပေးထားတဲ့ ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေး (GSP)ကို ပြန် ရုပ်သိမ်းသင့်မသင့် မြန်မာနိုင်ငံကို လာရောက်လေ့လာတဲ့ ဥရောပကော်မရှင်အဖွဲ့နဲ့ မြန်မာနိုင်ငံက အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တို့ အောက်တိုဘာ ၂၉ရက် မနက်က ရန်ကုန်မြို့မှာ တွေ့ဆုံပါတယ်။ ဥရောပကော်မရှင်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး  မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဥက္ကဋ္ဌ ဦးမောင်မောင်က “ကျနော်တို့နိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေရှိနေတယ်။ တိုးတက်မှုတွေရှိနေတယ်။ ဒါကြောင့်ပိတ်တာကိုမလုပ်ပါနဲ့လို့ ပြောခဲ့ပါတယ်” လို့ပြောပါတယ်။ ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံကို ၂၀၁၂ ခုနှစ်ကစပြီး လက်နက်ခဲယမ်းမှအပ မြန်မာနိုင်ငံကတင်ပို့မယ့် တခြား ကုန်ပစ္စည်းတွေကို   ကုန်သွယ်ခွင့်ဆိုင်ရာ အထူးအခွင့်အရေး (GSP)နဲ့ အခွန်သက်သက်သာသာနဲ့ တင်ပို့ ခွင့်ပြုထားပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေ ကြောင့် မြန်မာကို ပေးထားတဲ့  GSP အခွင့်အရေး ပြန်လည်ရုပ်သိမ်းဖို့ ဥရောပသမဂ္ဂက စဉ်းစားနေပြီး ပြန်လည်ရုပ်သိမ်းသင့်၊ မသင့် လေ့လာဖို့ ကော်မရှင်အဖွဲ့တဖွဲ့  မြန်မာနိုင်ငံကို စေလွှတ်တာပါ။ အခုလို မြန်မာနိုင်ငံကို အီးယူက စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ဖို့ စဉ်းစားနေတာဟာ ခုတ်ရာတခြား ရှရာတလွဲဖြစ်နေတယ်လို့ MICS ဒုက္ကဋ္ဌ ဦးနော်အောင်ကလည်း ပြောပါတယ်။ “သူတို့ပိတ်ဖို့စဉ်းစားတာ အဓိက ရခိုင်ကိစ္စကြောင့်ပေါ့။ အဲ့တော့ပိတ်လိုက်ရင်ရော ဒါတွေ ပြေလည်ပြီလား။ လွဲနေပါတယ်လို့ တင်ပြခဲ့ပါတယ်” မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUMနဲ့ မြန်မာနိုင်ငံစက်မှူလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS တို့က  ဥရောပ ကော်မရှင် နဲ့တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး မီဒီယာတွေကိုပြန်လည် ရှင်းလင်းခဲ့ပါတယ်။ ဥရောပကော်မရှင် အဖွဲ့ဟာ အောက်တိုဘာ ၂၈ ရက်က ရန်ကုန်မြို့ကို ရောက်ရှိလာပြီး ပြည်ထောင်စုဝန်ကြီးတွေ၊ ကမ္ဘာ့အလုပ်သမားရေးရာအဖွဲ့ (ILO) ၊ အလုပ်ရှင်နဲ့ အလုပ်သမား အဖွဲ့တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့တွေ့ ဆုံသွားမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကနေ  အီးယူကို အဓိကတင်ပို့နေတဲ့ လုပ်ငန်းတွေထဲမှာ လုပ်ငန်းအထည်ချုပ်လုပ်ငန်းက အဓိက ဖြစ်ပြီး အထည်ချုပ်လုပ်ငန်းမှာ မီခို လုပ်ကိုင်နေကြတဲ့ အလုပ်သမား ပေါင်း ၅သိန်းကျော်ရှိပြီး ဒီထဲမှာ ၉၀ရာခိုင်နှုန်းက အမျိုးသမီးတွေ ဖြစ်ကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024