ပျက်ကျသွားသည့် Lion Air လေယာဉ်တွင် ၁၈၉ ဦးပါသွားဟု အင်ဒိုအစိုးရ အတည်ပြု

ဓာတ်ပုံ - Reuters
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းရဲ့ ကမ်းလွန်ပင်လယ်မှာ ပျက်ကျသွားတဲ့ Lion Air လေကြောင်းလိုင်းပိုင် လေယာဉ်နဲ့အတူ လူပေါင်း ၁၈၉ ဦး ပါသွားတယ်လို့ အင်ဒိုနီးရှား ပို့ဆောင်ရေးဝန်ကြီးဌာန ပြောခွင့်ရသူက အတည်ပြု ပြောပါတယ်။ Boeing 737 MAX 8 အမျိုးအစားလေယာဉ် လေကြောင်းခရီးစဉ်အမှတ် JT610 ဟာ မြို့တော် ဂျကာတာကနေ ဘန်ကာဘေလီတန်မြို့ဆီကို ဒေသစံတော်ချိန် မနက် ၆ နာရီ ၂၀ မိနစ်မှာ ပျံတက်ခဲ့ရာ ပျံတက်ပြီး ၁၃ မိနစ်အကြာမှာပဲ လေကြောင်းထိန်းမျှော်စင်နဲ့ အဆက်အသွယ် ပြတ်ခဲ့တာပါ။ လေကြောင်းထိန်းချုပ်ရေး အရာရှိတွေနဲ့ အဆက်အသွယ် ပြတ်သွားတဲ့နေရာအနားမှာ လေယာဉ်အပျက်အစီး အပိုင်းအစတွေ တွေ့ခဲ့ရတယ်လို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် မာမဒ် စီယောင်ဂီက ပြောပါတယ်။ လေယာဉ်ထိုင်ခုံတွေ အပါအဝင် လေယာဉ်က အပျက်အစီးတွေလို့ ထင်ရတဲ့ ပစ္စည်းတွေကို ဂျာဗားပင်လယ်ပြင် ကမ်းလွန် ရေနံချက်စက်ရုံနားမှာ တွေ့ရတယ်လို့ အင်ဒိုနီးရှားအစိုးရ စွမ်းအင်လုပ်ငန်း ပါတာမီနာရဲ့ အရာရှိတယောက်က ပြောပါတယ်။ ပင်လယ်ထဲပျက်ကျတာကို မြို့ဆိပ်ကမ်းက ထွက်လာတဲ့လှေတစီးက မြင်ခဲ့တယ်လို့ အင်ဒိုနီးရှား ရှာဖွေကယ်ဆယ်ရေးဌာန ပြောခွင့်ရက ပြောပါတယ်။ လေယာဉ်ပေါ်မှာ ကလေး ၂ ဦး၊ ကလေးငယ် ၁ ဦး အပါအဝင် ခရီးသည် ၁၈၁ ဦး၊ လေယာဉ်မှူး ၂ ဦး၊ လေယာဉ်မောင်မယ် ၆ ဦး၊ စုစုပေါင်း ၁၈၉ ဦး ပါသွားတယ်လို့ အင်ဒိုနီးရှား အမျိုးသားသယ်ယူပို့ဆောင်ရေး လုံခြုံမှုကော်မရှင်က ဒီကနေ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up