GSP ရုပ်သိမ်းပါက ထိခိုက်နိုင်မှုအခြေနေ ဥရောပသမဂ္ဂမစ်ရှင်အဖွဲ့ကို ဆွေးနွေးတင်ပြမည်
DVB
·
October 28, 2018
ဥရောပသမဂ္ဂ မစ်ရှစ်အဖွဲ့နဲ့ တွေ့တဲ့အခါမှာ ကုန်သွယ်မှု အထူးအခွင့်အရေး (GSP) ရုပ်သိမ်းလိုက်ရင် ထိခိုက်နိုင်တာတွေနဲ ဆက်ရှိနေရင် တိုးတက်လာမှာတွေကို အဓိကထားဆွေး နွေးသွားဖို့ ပြင်ဆင်ထားတယ်လို့ UMFCCI တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။
ဥရောပသမဂ္ဂ မစ်ရှင်အဖွဲ့ဟာ အောက်တိုဘာ ၂၈ ရက်နေ့ ရန်ကုန်မြို့ကို ရောက်ရှိမှာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးတွေ၊ ILO၊ CSO၊ အလုပ်ရှင်အဖွဲ့၊ အလုပ်သမားအဖွဲ့တွေနဲ့ တွေ့ဆုံသွားဖို့ ရှိပါတယ်။
ဒေါ်ခိုင်ခိုင်နွယ်က “အထည်ချုပ်ရော၊ UMFCCI ရော ကိုယ်စားပြုပြီး အဓိကကတော့ ပိတ်လိုက်ရင် ဘာတွေ ဖြစ်သွားနိုင်လဲဆိုတာနဲ့ GSP ရခဲ့တဲ့အတွက် အထည်ချုပ်ကဏ္ဍ ဘယ်လောက်တိုးတက်လာလဲ၊ အလုပ်ခန့်ထားမှု ဘယ်လောက်ရှိလဲ စတာတွေနဲ့ သူတို့မေးတဲ့ အပေါ်မူတည်ပြီး ပြန်လည်တင်ပြမှာပါ” လို့  ပြောပါတယ်။
ဥရောပသမဂ္ဂဟာ မြန်မာနိုင်ငံကို ၂၀၁၂ ကစပြီး လက်နက်ခဲယမ်းကအပ ဘယ်ကုန်ချောပစ္စည်းကိုမဆို အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့ခွင့်ပေးထားပါတယ်။။
ဒါပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကြောင့် GSP ပြန်လည်ရုပ်သိမ်းဖို့ ဥရောပသမဂ္ဂက စဉ်းစားနေပြီး ပြန်လည်ရုပ်သိမ်းသင့်၊ မသင့် လေ့လာဖို့ မြန်မာနိုင်ငံကို လာရောက်တာပါ။
မြန်မာနိုင်ငံကနေ အီးယူကို အဓိကတင်ပို့နေတဲ့ လုပ်ငန်းတွေထဲမှာ အထည်ချုပ်လုပ်ငန်းက အဓိက ဖြစ်ပြီး အလုပ်သမား ငါးသိန်းကျော်ရှိပြီး ၉၀ ရာခိုင်နှုန်းက အမျိုးသမီးတွေပါ။