ဂျူးဆန့်ကျင်ရေးဝါဒ တိုက်ဖျက်ရမည်ဟု သမ္မတထရမ့်ပြော

1.3K
ပစ်ဘာ့ဂ်မြို့ ရဟူဒီဘုရားရှစ်ခိုးကျောင်း သေနတ်ပစ်ခတ်မှုဟာ လူအများအပြား သေဆုံးရတဲ့ ယုတ်မာတဲ့လုပ်ရပ်ဖြစ်ပြီး ဂျူးဆန့်ကျင်ရေးဝါဒကို တိုက်ဖျက်ရမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်ပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့က အင်ဒီယာနာပိုလစ်မြို့မှာ ပြုလုပ်တဲ့ မဲဆွယ် လူထုစည်းဝေးပွဲမှာ သမ္မတထရမ့်က အဲဒီလို ပြောကြားခဲ့တာပါ။
အဲဒီ လူထုစည်းဝေးပွဲကို ရဟူဒီဘာသာရေးဆရာ ဘန်ဂျမင်ဆန်ဒရို၊ သင်းအုပ်ဆရာ တွမ်အိုလေရီတို့ တက်ရောက်ပြီး ပရိတ်သတ်နဲ့အတူ ဝတ်ပြုဆုတောင်းခဲ့ပါတယ်။
သမ္မတထရမ့်က “ဒီဖြစ်ရပ်ကြောင့် အမေရိကန်နဲ့ ကမ္ဘာကြီးဟာ ထိတ်လန့်ခဲ့ရတယ်။ ဂျူးဆန့်ကျင်ရေးဝါဒကို နေရာတိုင်းမှာ ရှုတ်ချ တိုက်ဖျက်ရမယ်။ အမေရိကန်နိုင်ငံမှာ ဂျူးဆန့်ကျင်ရေး ၀ါဒနဲ့ တခြားဘာသာရေး၊ လူမျိုးရေး မုန်းတီးမှုတွေကို သည်းခံမှာမဟုတ်ပါဘူး။” လို့လည်း ပြောကြားခဲ့ပါတယ်။