Home
မြန်မာသတင်း
စီမံကိန်းများလုပ်ရာတွင် ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုရှိပါက အရေးယူမည်ဟု သမ္မတ သတိပေး
DVB
·
October 28, 2018
စီမံကိန်းတွေ ဆောင်ရွက်ရာမှာ ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ပါက ကျောသားရင်သားမခွဲဘဲ ဥပဒေအရ အရေးယူသွားမယ်လို့ သမ္မတ ဦးဝင်းမြင့်က သတိပေးလိုက်ပါတယ်။ ဒီကနေ့ ကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်နဲ့ ရွှေသောင်ယံကို ဆက်သွားထားတဲ့ ရွှေသောင်ယံ တံတားဖွင့်ပွဲမှာ အခုလိုပြောကြားခဲ့တာပါ။ အခြေခံအဆောက်အဦးတွေ မဖြစ်သင့်မဖြစ်ထိုက်ဘဲ ပျက်စီးယိုယွင်းတာတွေ ဖြစ်ရင်လည်း အဆင့်ဆင့် တာဝန်ယူ တာဝန်ခံရမယ်လို့ သမ္မတက သတိပေးခဲ့ပါတယ်။ “စီမံကိန်းတွေ ဆောင်ရွက်တဲ့နေရာမှာ အဆင့်လိုက်ခွဲတမ်းချ ခွဲယူပြီး ပြည်သူတွေအတွက် ထိထိရောက်ရောက် မရှိတော့တဲ့ ဘဏ္ဍာငွေ ဆုံးရှုံးမှု အခြေအနေတွေ ဖြစ်ပေါ်လာရင် နိုင်ငံတော် အစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးရေးအရ ကျောသားရင်သား မခွဲခြားဘဲ ဥပဒေနဲ့အညီ ဆောင်ရွက် ရမယ်ဆိုတာကို အလေးထားပြီး ပြောကြားလိုပါတယ်။ လမ်းတွေ တံတားတွေ အပါအ၀င် အခြေခံ အဆောက်အအုံတွေ တည်ဆောက်ရေး လုပ်ငန်းတွေ ဆောင်ရွက်ကြရာမှာ အရည်အသွေး စိစစ်ထိန်းသိမ်းရေးကို မဖြစ်မနေ ဆောင်ရွက်ကြဖို့ မှာကြားထားပြီး ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ ခံနိုင်ဝန်၊ သတ်မှတ်ထားတဲ့ အချိန်ကာလ၊ မမျှော်လင့်ဘဲ ကြုံတွေ့ရတဲ့ အခြေအနေတွေကလွဲလို့ မဖြစ်သင့် မဖြစ်ထိုက်တဲ့ ယိုယွင်းပျက်စီးတာမျိုးတွေ ဖြစ်ပေါ်လာပြီး ပြည်သူတွေ ဒုက္ခတွေ့ကြုံလာရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တာဝန်ယူ၊ တာဝန်ခံစေမှာဖြစ်ကြောင်း အတိအလင်း ပြောကြားလိုပါတယ်။” လို့ ပြောပါတယ်။ သမ္မတဟာ ဧရာဝတီ-ရခိုင် ကမ်းခြေပတ်လမ်းအဖြစ် သွားရောက်နိုင်မယ့် ချောင်းသာကမ်းခြေနဲ့ ရွှေသောင်ယံကမ်းခြေကို ဆက်သွယ်ထားတဲ့ တံတားကို ဒီနေ့ ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရွှေသောင်ယံတံတားမှာ သံကူကွန်ရစ် တံတားအမျိုးအစားဖြစ်ပြီး အရှည်မှာ ၂၅၂ မီတာ၊ အကျယ် ၉ မီတာရှိပြီး၂၀၁၇ ခုနှစ် ဇူလိုင်က စတင်ဆောက်လုပ်ခဲ့တာလို့သိရပါတယ်။ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ သမ္မတဦးဝင်းမြင့် ရွေးကောက်ခံရတဲ့ မဲဆန္ဒနယ်ဖြစ်ပြီး ၂၀၁၅ ခုနှစ်အထိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024