ဘဝတူ တိရစ္ဆာန်လေးများ၏ ပန်းချီပုံများ စတင်ရေးဆွဲနေသည့် ဝက်ဝံမလေး ယန်းယန်း

1.2K
ဝါးကိုင်းကို စုပ်တံအဖြစ်အသုံးပြုကာ ပန်းချီဆွဲခြင်းကြောင့် နာမည်ကျော်ကြားလာတဲ့ ပန်ဒါမလေး ယန်းယန်းဟာ လက်ရှိအချိန်မှာတော့ သူ့နဲ့ဘဝတူ တိရစ္ဆာန်လေးတွေရဲ့ ပုံတွေကို စတင်ရေးဆွဲနေပြီလို့ Reuters သတင်းမှာဖော်ပြပါတယ်။
ယန်းယန်းဟာ သြစတြေးလျနိုင်ငံ ဗီယင်နာမြို့မှာရှိတဲ့ Tiergarten Schonbrunn တိရစ္ဆာန်ရုံက ပန်ဒါမလေးဖြစ်ပြီး သူအနားဝန်းကျင်မှာရှိတဲ့ ဝါးကိုင်းတွေနဲ့ပန်းချီဆွဲတတ်တဲ့ အလေ့အကျင့်ကြောင့် အခုနှစ်အစပိုင်းမှာ စတင်ထင်ရှားလာခဲ့တာ ဖြစ်ပါတယ်။
ယန်းယန်းရဲ့ ပန်းချီလက်ရာတွေဟာ သူ့အနီးအနာမှာရှိတဲ့ သစ်ကုလားအုပ် ရေသောက်နေဟန်အပြင် ကြက်တကောင်ရဲ့ ပုံစံနဲ့ ဆင်တူတယ်လို့ သတ္တဗေဒပညာရှင် တဦးဖြစ်သူ အီဗာလင်း ဒန်ဂယ်ကပြောပါတယ်။
ဒါ့အပြင် တခြားပုံတွေဟာလည်း ဆင်၊ ကြိုးကြာငှက်တွေရဲ့ ပုံစုံတွေလို ဖြစ်နေတယ်လို့လည်း တိရစ္ဆာန်ရုံ အမှုထမ်းတွေက ပြောပါတယ်။
ဒန်ဂယ်ရဲ့ လေ့လာမှုအရ ယန်းယန်းရဲ့ ပန်းချီလက်ရာဟာ သူ့ရဲ့တနေ့တာ ခံစားချက်အလိုက် ပြောင်းလဲလျက်ရှိပြီး ယန်းယန်းဟာ တခါတရံမှာ စုတ်တံကို ဖွဖွလေးရေးခြစ်ကာ တခါတရံမှာဆိုရင် ခပ်ကြမ်းကြမ်းရေးခြစ် ချယ်မှုန်းလေ့ရှိတယ်လို့ သိရပါတယ်။
ယန်းယန်းရဲ့ ပန်းချီလက်ရာတွေကို တိရစ္ဆာန်ရုံတွေမှာ ရောက်ရှိနေတဲ့ ပန်ဒါဝက်ဝံတွေ အတွက် ရန်ပုံငွေရှာဖွေရေး စာအုပ်တစ်အုပ်ထုတ်ဝေရန် ငွေကြေးအရင်းအမြစ်တခုအဖြစ် အသုံးချလျက်ရှိကာ လက်ရှိအချိန်မှာလည်း သူ့ရဲ့ပန်းချီလက်ရာတွေအပေါ် ကမ္ဘာတဝန်းလုံးက စိတ်ဝင်စားမှုတွေ မြင့်တက်နေတာကိုကို တွေ့ရပါတယ်။
ယန်းယန်းနဲ့ သူမရဲ့အဖော်ဖြစ်တဲ့ လောင်ဟိုင်တို့ နှစ်ကောင်ဟာ ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ်က သြစတြေးလျနိုင်ငံကို ရောက်ရှိခဲ့တာဖြစ်ပြီး ဒီ ၁၅ နှစ်အတွင်းမှာ ရင်သွေး ငါးကောင်ကို ပိုင်ဆိုင်ခဲ့ပြီးဖြစ်ပါတယ်။
ယန်းယန်းတို့ စုံတွဲကနေ ၂၀၀၇ ခုနှစ်ကပေါက်ဖွားလာခဲ့တဲ့ ဖူလောင်းဆိုတဲ့ ပန်ဒါဝက်ဝံပေါက်လေးကလည်း လူသားတွေရဲ့ အကူအညီမပါဘဲ ဥရောပတိုက်မှာ ပထမဆုံးအကြိမ် မွေးဖွားလာတဲ့ ပန်ဒါဝက်ဝံလေးအဖြစ် မှတ်တမ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။