အင်ဒိုနီးရှားတွင် ဘတ်စ်ကားခ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများဖြင့် ပေးချေနိုင်ပြီ

အင်ဒိုနီးရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာမှာ ဘတ်စ်ကားခကို ငွေအစား ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေနဲ့ ပေးချေနိုင်ပြီလို့ သိရပါတယ်။ ဒေသခံတွေ စွန့်ပစ်ပစ္စည်းတွေကို ပြန်သုံးရေး အားပေးဖို့ နည်းလမ်းအနေနဲ့ ကားခကို သုံးပြီးသား ပလတ်စတစ် ဘူးတွေနဲ့ ပေးချေဖို့ စီစဉ်ခဲ့တာပါ။ ဧပြီလက စတဲ့အစီအစဉ်အရ သွားလာသူတွေဟာ မြို့ပတ်ဘတ်စ်ကားအနီတွေကို စီးဖို့ ကားမှတ်တိုင်မှာ ပလတ်စတစ်ဘူးခွံတွေ ပေးနိုင်ပါတယ်။ ၂ နာရီကြာ စီးရမယ့် ခရီးစဉ်အတွက် ဘတ်စ်ကား လက်မှတ်ဝယ်ဖို့ ပလတ်စတစ်ခွက် ဆယ်ခု ဒါမှမဟုတ် ပလတ်စတစ် ပုလင်း ငါးခု စသဖြင့် အရွယ်အစားပေါ် မူတည်ပြီး ပေးချေနိုင်ပါတယ်။ ၂၀၂၀မှာ ပလတ်စတစ် အမှိုက် ကင်းစင်ရေး ပန်းတိုင်ကို ရောက်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ “ပလတ်စတစ် ပုလင်းလို အမှိုက်တွေက ရပ်ကွက်ထဲမှာ ပုံနေတယ်၊ ဒါကြောင့် ဒီကို ယူလာတော့ သဘာဝပတ်ဝန်းကျင် ပိုသန့်ရှင်းရုံမကဘူး၊ အမှိုက်ကောက်တဲ့ လူတွေလည်း ပင်ပန်းသက်သာအောင် ကူညီရာ ရောက်တယ်” လို့ ဆူရာဘာယာ ဒေသခံ လင်ဒါ ရာမာဝတီက ပြောပါတယ်။ မြို့တွင်း နေ့စဉ်ပစ်တဲ့ အမှိုက် ၁၅ ရာခိုင်နှုန်းဟာ ပလတ်စတစ်တွေလို့ သတင်းအချက်အလက်တွေက သိရပါတယ်။ ဘတ်စ်ကားတစီးဟာ တရက်ကို ပလတ်စတစ်ဘူး ကီလို ၂၅၀ ရနိုင်လို့ ၁ လကို ၇.၅ တန် စုဆောင်းနိုင်တယ်လို့ အချက်အလက်တွေက ဆိုပါတယ်။ စုဆောင်းပြီးရင် တံဆိပ်နဲ့ အဖုံးတွေကို ဖယ်ပြီး ပလတ်စတစ်တွေကို ပြန်ကြိုတဲ့ ကုမ္ပဏီတွေဆီ လေလံပစ်ပါတယ်။ လေလံကရတဲ့ ငွေတွေကို ဘတ်စ်ကား ပြေးဆွဲမှု ကုန်ကျစရိတ်နဲ့ မြို့တွင်း စိမ်းလန်းမြေပြင် စီမံကိန်းအတွက် ရန်ပုံငွေအဖြစ် ပြန်သုံးမှာပါ။ ဆူရာဘာယာဟာ အင်ဒိုနီးရှားမှာ ဒီအစီအစဉ်ကို အကောင်အထည်ဖော်တဲ့ ပထမဆုံးမြို့ ဖြစ်လာပါတယ်။ အင်ဒိုနီးရှားဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာမှာ ပလတ်စတစ်အမှိုက် ပင်လယ်ထဲ အစွန့်ဆုံး နိုင်ငံဖြစ်တယ်လို့ ၂၀၁၅ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေတဲ့ သိပ္ပံဂျာနယ်က ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up