Home
မြန်မာသတင်း
အလုံမြို့တွင် ဉာဏ်ရည်မသန်စွမ်းကလေးငယ်ကို သားမယားပြုကျင့်မှု ဖြစ်ပွား
DVB
·
October 27, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အလုံမြို့၊ သောင်ပြင်ရပ်ကွက်မှာ ဦးလေးတော်စပ်သူက အဒေါ်ဖြစ်သူနဲ့ပေါင်းပြီး အသက် ၁၃ နှစ်အရွယ် ဉာဏ်ရည်မသန်စွမ်းတဲ့ မိန်းကလေးငယ်ကို မိဘတွေ မသိအောင် ခိုးယူကာ အလိုမတူဘဲ ၁ လနီးပါးကြာသည်အထိ အကြိမ်ကြိမ်အဓမ္မ ပြုကျင့်မှုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါ မိန်းကလေးငယ်ကို အဒေါ်ဖြစ်သူလင်မယားက ရှမ်းပြည်နယ်၊ သီပေါမြို့ကနေ စက်တင်ဘာ ၂၇ ရက်နေ့က မုံရွာမှာ IC ရှိုးပွဲရှိတယ်လို့ လိမ်လည်ဖြားယောင်းခေါ်ယူကာ အဓမ္မပြုကျင့်ခဲ့တာလို့ မိခင်ဖြစ်သူက ပြောပါတယ်။ အဓမ္မပြုကျင့်တဲ့အပြင် နှိပ်စက်ညှဉ်းပန်းတဲ့အတွက် ခန္ဓာကိုယ်နေရာအချို့မှာ ညိုမည်းဒဏ်ရာတွေလည်း ရရှိထားပြီး ပတ်ဝန်းကျင်အိမ်တွေကလည်း ကလေးငယ်ရဲ့ အော်ငိုသံတွေ ကြားရတယ်လို့ ဆိုပါတယ်။ မိန်းကလေးငယ်ရဲ့ မိခင်က “ပျောက်တဲ့နေ့ကတည်းက မသင်္ကာဘူး။ အိမ်ထဲက အိမ်ပြင်လည်း ပေးမထွက်ဘူး။ သူက အိုင်စီခရေစီ၊ အိုင်စီဆို အရမ်းကြိုက်တာ။ သူ့အကြိုက်နဲ့မျှားပြီး သူ့အဒေါ်က ခေါ်ထုတ်တာ။ မတွေ့တာနဲ့ နာရီပိုင်းအကြာမှာ ရဲစခန်းသွားတယ်၊ အမှုဖွင့်တယ်၊ ဖမ်းပေးဖို့ပြောတယ်။ ရဲက မသေချာဘဲနဲ့ လုပ်လို့မရဘူးလို့ပြောတယ်။ ဒါနဲ့ လူပျောက်တိုင်တာပဲ လုပ်ခဲ့ရတာ။ ကျမတို့က ငွေကြေးလည်း မရှိတော့ သိပေမယ့် လိုက်ဖို့မလွယ်ဘူး။ အဆက်အသွယ်လည်းမရှိဘူး။ နောက်ပြီး ဖုန်းဆက်တော့လည်း နင်တို့ ဘာအစွမ်းရှိလည်း လုပ်ကြည့်လေလို့ပြောတယ်။ ငါတခုခုဖြစ်ရင် တအိမ်လုံး သတ်ပစ်မယ်ဆိုပြီးပြောတယ်။ ဒါတွေကြောင့်လည်း ဒီလောက်ကြာသွားတာ”လို့ ပြောပါတယ်။ မုံရွာမြို့ ရပ်ကွက်အတွင်းကလည်း ပုံမှန်မဟုတ်တဲ့ ကလေးကို ခေါ်လာလို့ သင်္ကာမကင်းဖြစ်၊ ကလေးအော်ငိုသံတွေ ကြားတာတွေရှိပေမယ့် အဲဒီအိမ်က ပတ်ဝန်းကျင်နဲ့ အဆက်အစပ် မရှိတဲ့အတွက် သေသေချာချာမသိဘဲ စောင့်ကြည့်တာပဲ ရှိခဲ့တယ်လို့ ရပ်ကွက် ရာအိမ်မှူးတဦးက ပြောပါတယ်။ ကလေးမိခင်နဲ့ လိုက်ပါကူညီပေးသူတွေက အောက်တိုဘာ ၂၅ ရက်နေ့မှာတော့ မုံရွာကို လာရောက်ပြီး စုံစမ်းတဲ့အခါ ကလေးငယ်ကို ဖွက်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ ရပ်ကွက်၊ ရဲတပ်ဖွဲ့တွေနဲ့ ရှာဖွေမှ တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီလင်မယားကိုတော့ မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ “၂၅ ရက်နေ့ကို တနေကုန်ရှာဖွေတယ်။ တရားခံတွေက ကလေးမလေးကို ဖွက်ထားတယ်။ ညနေ ၆ နာရီလောက်မှာ မိတယ်။ မိတော့ မုံရွာအလုံရဲကင်းစခန်းကနေ စခန်းမှူး ဗိုလ်လေးက အမှုတည်ဆောက်ပြီး ပုဒ်မ ၃၇၆၊ ၃၆၃၊ ၁၁၄ ပုဒ်မတွေနဲ့ အမှုဖွင့်ပြီး လုပ်နေပါတယ်” လို့ လိုက်ပါကူညီပေးနေသူ စိုင်းကံညွန့်က ပြောပါတယ်။ ရဲတပ်ဖွဲ့က အောင်မြင့်စိုး ၃၇ နှစ်နဲ့ မြင့်မြင့်အေး ၅၅ နှစ်တို့ကို မုံရွာမြို့မရဲစခန်းက ပ ၁၆၇၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ မုဒိမ်းမှု ၃၇၆၊ ကလေးခိုးမှု ၃၆၃၊ အားပေးကူညီမှု ၁၁၄ စတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးထားပါတယ်။ ဒါ့အပြင် ရဲလုပ်ငန်းတွေဖြစ်တဲ့ သက်သေခံပစ္စည်းသိမ်းဆည်းတာ၊ ချုပ်ရမန်ယူပြီး တရားခံဖမ်းဆီးထားတာ၊ ဆေးစစ်တာ၊ သက်သေခံပစ္စည်းတွေကို ဓာတုစစ်ဆေးမှုတွေပြုလုပ်တာ စတာတွေကို လုပ်ဆောင်နေပြီး အမြန်ဆုံး တရားစွဲတင်နိုင်အောင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ကလေးငယ်ရဲ့ မိခင်ကတော့ သေဒဏ်မဟုတ်ရင်တောင် အမြင့်ဆုံးပြစ်ဒဏ်တွေ ချပေးစေချင်နေပြီး အရပ်ဘက်အဖွဲ့အစည်းတွေကလည်း မှန်ကန်တဲ့ တရားစီရင်ရေးအတွက် စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024