A d v e r t i s e m e n t With Us

မိုင်းထောင်သည့်အဖွဲ့များ တာဝန်ယူမှု တာဝန်ခံမှုမရှိဟု JMC-S ဒု-ဥက္ကဋ္ဌ ပြော

မိုင်းရှင်းလင်းခဲ့ပေမယ့် ဘယ်ကပေါ်လာမှန်း မသိတဲ့မိုင်းတွေကို ဘယ်အဖွဲ့အစည်းကမှ တာဝန်မယူဘူးလို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S) ဒုတိယဥက္ကဋ္ဌ ၂ (အရပ်သား ကိုယ်စားလှယ်) ဒေါ်နန်းမြင့်တင်က ပြောပါတယ်။ ဘားအံမြို့၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC-S) ရုံးမှာ ပြုလုပ်တဲ့ (၁၈) ကြိမ်မြောက် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီအစည်းအဝေးမှာ ပြောပါတယ်။ ကရင်ပြည်နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ ကျုံထော်ရေတံခွန်အနီးမှာ မိုင်းရှင်းလင်းရေး လုပ်ငန်းတွေဆောင်ရွက်ဖို့ ဧပြီလဆန်းပိုင်းကတည်း ပြည်နယ်အစိုးရက အမြန်ဆုံး ရှင်းလင်းနိုင်အာင် အဆင့်ဆင့်တင်ပြပြီး ကြိုးစားဆောင်ရွက်နေရာမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးရဲ့ခွင့်ပြုမိန့် စောင့်ဆိုင်းနေရတာကြောင့် မိုင်းရှင်း လင်းရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။ ဒေါ်နန်းမြင့်တင်က “မြိုင်ကြီးငူသွားခဲ့တယ်။ အရင်တိုင်းမှူးနဲ့ပဲ။ ကျမတို့ကို မြေပုံနဲ့ပြပြီး အကုန်လုံး ရှင်းလိုက်တယ်။ ဒီညရှင်း မနက်ကျ မတွေ့တဲ့နေရာက ပြန်ပေါ်လာတယ်။ ဘယ်ကပေါ်လာလည်း မသိဘူး။ ပြဿနာတခုက မြေပိုင်ရှင်၊ အိမ်ပိုင်ရှင်တွေ ပြန်သွားလည်းပြဿနာရှိတယ်။ ဘယ်သူက လုပ်မှန်းလည်း မသိတဲ့ဟာ။ အစိုးရဘက်က သွားပြီးတော့ ရှင်းလိုက်မယ်။ သို့သော်လည်း ဘယ်သူမှ တာဝန်မယူနိုင်ဘူး” လို့ ပြောပါတယ်။ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ ကန်ညီနောင်ကျေးရွာ၊ ဦးအုန်းဖြူက “မြေမြှုပ်မိုင်းအန္တရာယ်ကတော့ မစိုးရိမ်ဖို့ ဘယ်သူမှ တိတိကျကျမပြောဘူး။ တခါတလေ ပေါက်တာပဲ။ တိရစ္ဆာန်တွေ ထိတာပဲ။ လူလည်းထိတာပဲ။ အမှန်တကယ် ပြောမယ်ဆိုရင် ဘယ်သူထောင်တယ်။ လက်သည်မှ ကိုယ်တွေ့ရတာမှ မဟုတ်ဘဲ။ ဟိုအပြစ်တင် ဒီအပြစ်တင်ပြောလည်း မဖြစ်ဘူး။ ဒီမိုင်းကိစ္စက ရွာသားမဆိုင်ဘူး၊ မကိုင်ရဲဘူး။ ရွာမှာပြန်မယ် ဆိုရင် သိပ်ပြီး အခြေအနေမကောင်းသေးဘူး” လို့ ပြောပါတယ်။ ၁၉၉၄-၁၉၉၅ ခုနှစ်က ငြိမ်းချမ်းရေးရယူပြီးနောက် ၂ဝ၁၆ ခုနှစ်မှာ မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်အနီး တပ်မတော်နဲ့ ဒီကေဘီအေတပ်ဖွဲ့ တချို့နဲ့ နှစ်ဖက်တင်းမာမူတွေ ဖြစ်ပွားခဲ့ရာက တိုက်ပွဲတွေအပြင် မြေမြှုပ်မိုင်း အန္တရာယ်တွေပါ ပြန်လည်ပေါ်ပေါက်လာခဲ့တာပါ။ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ ဟတ်ကြီးရေကာတာ စီမံကိန်းအနီး၊ ကန်ညီနောင်ကျေးရွာနဲ့ မဲသဝေါဒေသတွေမှာ ပြန်လည်ဖြစ်ပွားလာတဲ့ တိုက်ပွဲတွေနဲ့ မြေမြှုပ်မိုင်း အန္တရာယ်တွေကြောင့် ဒေသခံတွေဟာ မာလာယုကျေးရွာမှာ လူဦးရေ ၃ဝဝ နီးပါး ယနေ့တိုင် စစ်ဘေးရှောင်နေရသလို့ မြိုင်ငူစစ်ဘေးရှောင်စခန်းမှာလည်း ကျေးရွာ ၂၄ ရွာက ဒေသခံ ၅ ထောင်ကျော် ခိုလှုံနေရဆဲပါ။ ၂ဝ၁၈ ခုနှစ် ပထမ ၅ လအတွင်းမှာ တနိုင်ငံလုံးအတိုင်းအတာအရ မိုင်းအန္တရာယ်ဖြစ်ပွားမှု ၁၂၇ ခုမှာ ထိခိုက်သူပေါင်း ၁၅၉ ဦး၊ သေဆုံးသူ ၂၃ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦးထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးမှာ ၁ ဦးက ကလေးသူငယ်တွေဖြစ်တယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ စစ်တမ်းတွေအရ သိရပါတယ်။ ရဲမင်းခေါင်

A d v e r t i s e m e n t With Us

More News
Up