ထရမ့်၏ ဖိတ်ကြားချက်ကို သေဆုံးသူ ဆော်ဒီသတင်းထောက်နှင့် စေ့စပ်ထားသူက ငြင်းဆန်

2K
အမေရိကန်ပြည်သူတွေရဲ့ ထင်မြင်ချက်အပေါ် လွှမ်းမိုးစေနိုင်တယ်လို့ ယူဆမိတာကြောင့် သမ္မတထရမ့်ရဲ့ ဖိတ်ကြားချက်ကို ငြင်းဆန်ခဲ့တယ်လို့ သေဆုံးသူ ဂျမဲခါရွှန်းအီနဲ့ စေ့စပ်ထားသူက အောက်တိုလာ ၂၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ဂျမဲခါရွှန်းအီ သေဆုံးပြီးနောက် ပထမဆုံးအကြိမ်ပြုလုပ်တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ စေ့စပ်ထားသူ ဟာဂျီဂျက်ဂျိန်းဂစ်ကပြောခဲ့တာပါ။
သူက သမ္မတထရမ့်ရဲ့ အိမ်ဖြူတော် ဖိတ်ကြားချက်ကို အမေရိကန် ပြည်သူတွေရဲ့ ထောက်ခံမဲရဖို့ လုပ်ဆောင်ချက်အဖြစ် ရှုမြင်တယ်လို့ ဟာဘယ်တု သတင်းဌာနကို ပြောခဲ့ပါတယ်။
သေဆုံးသူ ဂျမဲခါရွှန်းအီဟာ အမေရိကန် ဝါရှင်တန်ပို့စ် သတင်းစာ ဆောင်းပါးရှင်ဖြစ်ပြီး သူဟာ ဆော်ဒီအိမ်ရှေ့မင်းသားကို ဝေဖန်သူ တဦးလည်းဖြစ်ပါတယ်။
သူနဲ့ စေ့စပ်ထားတဲ့ ဟာဂျီဂျက်ဂျိန်းဂစ်ကတော့ တူရကီနိုင်ငံသူ ဖြစ်ပါတယ်။ စက်တင်ဘာ ၂၈ ရက် ပထမဆုံး ဆော်ဒီ ကောင်စစ်ဝန်ရုံး သွားရောက်ချိန်မှာ အဆင်မပြေမှုတွေ ဖြစ်ပေါ်မှာကို ဂျမဲခါရွှန်းအီဟာ စိုးရိမ်ခဲ့တယ်လို့ ဟာဂျီဂျက်ဂျိန်းဂစ်က ပြောပါတယ်။
ဒါပေမယ့် သူ့အပေါ် ကောင်းကောင်းမွန် ဆက်ဆံတဲ့အတွက် တူရကီမှာ အဖမ်းခံရမယ်၊ ဒါမှမဟုတ် ထိခိုက်အနာတရဖြစ်မှာ မဟုတ်ဘူးလို့ နောက်ပိုင်း ဂျမဲခါရွှန်းဂျီဟာ ယူဆခဲ့တယ်လို့ လည်း ဟာဂျီဂျက်ဂျိန်းဂစ်က တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။
ဆော်ဒီသတင်းထောက် ခါရွှန်းအီဟာ မင်္ဂလာပွဲအတွက် အထောက်အထားတွေယူဖို့ ဆော်ဒီကောင်စစ်ဝင်ရုံးကို သွားရာမှ အောက်တိုဘာလ ၂ ရက်နေ့မှာ ပျောက်ဆုံးခဲ့ပါတယ်။ အဆိုပါပျောက်ဆုံးမှုနဲ့ ပတ်သက်လို့ ဆော်ဒီအာဏာပိုင်တွေက မသိရှိကြောင်း သီတင်းပတ် အတော်ကြာ ငြင်းဆိုခဲ့ပါတယ်။
အဲဒီနောက် အောက်တိုဘာ ၂၀ ရက်နေ့မှာတော့ သတင်းထောက် ဂျမယ်လ်ခါရွှန်းအီဟာ ကောင်စစ်ဝန်ရုံးအတွင်း သေဆုံးခဲ့တယ်လို့ ဆော်ဒီအာရေးဘီးယားအစိုးရက အောက်တိုဘာလ ၂ဝ ရက်နေ့မှာ ဝန်ခံပြောကြားလိုက်ခဲ့တာပါ။
ဆော်ဒီရဲတပ်ဖွဲ့ ထုတ်ပြန်ချက်ထဲမှာ ဂျမယ်လ်ခါရွှန်းအီနဲ့ ကောင်စစ်ဝန်ရုံးအတွင်း တွေ့ခဲ့တဲ့ လူတချို့ ခိုက်ရန်ဖြစ်ခဲ့ရာကနေ ခါရွှန်းအီ သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒီအတွက် စုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ဆော်ဒီနိုင်ငံသား ၁၈ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။