မြန်မာ့ရိုးရာ နိဗ္ဗာန်ဈေးနှင့် မြန်မာ့မုန့်ပွဲတော် ကျင်းပ
DVB
·
October 27, 2018
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဥပုသ်တော်ရပ်၊ စတုဘူမိက နဂါးပရိယတ္တိ စာသင်တိုက်မှာ အောက်တိုဘာ ၂၆ ရက်က မြန်မာ့ရိုးရာ နိဗ္ဗာန်ဈေးနဲ့ မြန်မာ့မုန့်ပွဲတော်ကို ကျင်းပခဲ့ပါတယ်။
မြန်မာ့ရိုးရာ နိဗ္ဗာန်ဈေးနဲ့ မြန်မာ့မုန့်ပွဲတော်ကို တနင်္ဂနွေ ဘုရားရှိခိုးအသင်းမှ ဦးဆောင်ပြီး မြောက်ပြင်ရပ် အသီးသီးရှိ ဓမ္မစကြာဝတ်အသင်းများ၊ ကျောင်းသားမိဘ အလှူရှင်တွေ၊ သီခြားအလှူရှင်တွေ စုပေါင်းကုသိုလ်ပြုပြီး ကျင်းပတာပါ။
ဒီနေ့ခေတ် မြန်မာ့ရိုးရာ နိဗ္ဗာန်ဈေးနဲ့ မြန်မာ့မုန့်ပွဲတော် ကျင်းပတာ နည်းပါးလာပြီး ကလေးတွေ မြန်မာ့ရိုးရာမုန့်တွေကို သိရှိစေဖို့၊ တန်ဖိုးထားတတ်စေဖို့ မြန်မာ့ရိုးရာ နိဗ္ဗာန်ဈေးနဲ့ မြန်မာ့မုန့်ပွဲတော်တွေ ပြန်လည်ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ကျင်းပကြတာပါ။
ဒီပွဲတော်မှာ ခေါပဲပေါင်း၊ အကြော်၊ ငှက်ပျောပေါင်း၊ မုန့်လိပ်ပြာ၊ ငှက်ပျော်သီးပေါင်း၊ ကောက်ညှင်းပဲကပ်ကြော်၊ မုန့်ပေါင်း၊ ဘိန်းမုန့်၊ မုန့်ဆီကြော်၊ ပေါက်စီကြော် စတဲ့ မြန်မာ့ရိုးရာမုန့် ၃၀ ကျော်ကို အခမဲ့ ကျွေးမွေးခဲ့ပါတယ်။