ဂရိနိုင်ငံအနောက်ပိုင်းမှာ အောက်တိုဘာ ၂၆ ရက် အစောပိုင်းက ပြင်းအား ၆ ဒသမ ၄ အဆင့်ရှိ အားပြင်း မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မြေငလျင် စောင့်ကြည့်သူတွေက ဆိုပါတယ်။ ဒါပေမယ့် ပျက်စီးမှု အနည်းငယ်သာ ရှိခဲ့ပြီး လူအသေအပျောက် မရှိဘူးလို့ သိရပါတယ်။
မြေငလျင်ကြောင့် လူ ၃ ဦးကို ဆေးရုံပို့ဆောင်ခဲ့ရတယ်လို့ အရပ်ဘက်ကာကွယ်ရေး အေဂျင်စီက ပြောပါတယ်။
အဲဒီ မြေငလျင် လှုပ်ခတ်မှုကို မြို့တော် အေသင်နဲ့ အယ်လ်ဘေးနီးယား၊ အီတလီ၊ လစ်ဗျားနဲ့ မော်လ်တာနိုင်ငံတွေက ပြည်သူတွေ သိရှိခံစားခဲ့ပါတယ်။
ပယ်လိုပိုနက်ဆယ်ပြည်နယ် ပါးထရာ့စ်မြို့ အနောက်တောင်ဘက် ကီလိုမီတာ ၁၃၀ ခန့်အကွာကို ဗဟိုပြု လှုပ်ခတ်ခဲ့တယ်လို့ အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မြေငလျင်ဟာ ဇောက်တိမ်ငလျင် အမျိုးအစားဖြစ်ပြီး ပင်လယ်ကြမ်းပြင်အောက် ၁၄ ကီလိုမီတာ အနက်ကနေ လှုပ်ခဲ့တယ်လို့လည်း အမေရိကန် ဘူမိတိုင်းတာရေးအဖွဲ့ကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြပါတယ်။