မော်ရင်ဟို ယခင်လက်ထောက်နည်းပြနှင့် ပြန်တွဲသင့်ဟု မာတင်ကီယွန်ပြော

ဓာတ်ပုံ - Getty
2.4K
မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟိုအနေနဲ့ ချဲလ်ဆီးမှာတုန်းက လက်တွဲခဲ့ဖူးတဲ့ လက်ထောက်နည်းပြ စတိဗ်ဟိုလန်နဲ့ ပြန်လည်လက်တွဲသင့်တယ်လို့ ဘောလုံးသမားဟောင်းနဲ့ သုံးသပ်သူ မာတင်ကီယွန်က ပြောကြားလိုက်ပါတယ်။
ဂျူဗင်တပ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ သုံးသပ်ခဲ့တာဖြစ်ပြီး တသင်းလုံးဟာ ဟန်ချက်မညီ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။
ဒါ့ကြောင့် မော်ရင်ဟိုအနေနဲ့ ချဲလ်ဆီးမှာတုန်းက လက်တွဲခဲ့တဲ့ လက်ထောက်နည်းပြ စတိဗ်ဟိုလန်ကို ခေါ်ယူခြင်းကသာ လက်ရှိ ရုန်းကန်နေရတဲ့ အခြေအနေတွေကို ဖြေရှင်းနိုင်မယ်လို့ ပြောပါတယ်။
စတိဗ်ဟိုလန်ဟာ လက်ရှိ ဆောက်ဂိတ်ရဲ့လက်အောက်မှာ လက်ထောက်နည်းပြ ရာထူးနဲ့ အင်္ဂလန်အသင်းကို ကိုင်တွယ်နေပြီး ၄-၃-၃ ကစားကွက်ကို အကောင်းဆုံး ပုံဖော်ထားနိုင်ပါတယ်။
စပိန်၊ ခရိုအေးရှားတို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ ရလဒ်ကောင်း ရရှိခဲ့တာဟာ စတိဗ်ဟိုလန်ကြောင့်ဖြစ်တယ်လို့ မာတင်ကီယွန်က သုံးသပ်ပါတယ်။
ဒါ့အပြင် ယူနိုက်တက်အနေနဲ့ ကစားသမားကောင်းတွေ များစွာဝယ်ခဲ့ပြီး ဖြစ်တာကြောင့် နည်းပြကောင်းတဦးကို ခေါ်ယူသင့်နေပြီလို့ ပြောကြားခဲ့ပါတယ်။