မြိတ်မြို့ GRAND JADE ဟိုတယ်မီးလောင်၊ တည်းခိုသူများကို ကယ်ထုတ်ခဲ့ရ
DVB
·
October 26, 2018
တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ GRAND JADE ဟိုတယ်မှာ အောက်တိုဘာ ၂၅ ရက် ည ၁၁ လောက်က ဟိုတယ်ရဲ့ တတိယထပ်မှာ ဖွင့်လှစ်ထားတဲ့ အထည်ဆိုင်တစ်ခုကနေ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့လို့ ဟိုတယ်မှာ တည်းခိုနေသူ ၁၂၀ ကျော်ကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့တွေက ဘေးလွတ်ရာ ကယ်ထုတ်ခဲ့ရပြီး ည ၁၂ ကျော်မှာ တည်းခိုနေသူအားလုံးကို ကယ်ယူနိုင်ခဲ့ပါတယ်။
ဟိုတယ်ထဲမှာ မီးလှိုက်လောင်နေတာကြောင့် တည်းခိုနေသူတချို့က ဟိုတယ်ရဲ့ အပေါ်ဆုံးထပ်ကို တိမ်းရှောင်ထွက်ပြေးခဲ့ကြရပါတယ်။
စွန့်ပစ်ဆေးလိပ် မီးကြွင်းမီးကျန်ကနေ တဆင့် အထည်ဆိုင်ကို လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးသတ်ဆေးဘူးတွေနဲ့ ကနဦးငြှိမ်းသတ်ခဲ့ရပါတယ်။
မီးသတ်ယာဉ်မျိုးစုံ ၂၅ စီးနဲ့ လူနာတင်ယာဉ် ၃၀ စီးတို့ အသုံးပြုခဲ့ရပြီး မီးငြိမ်းသတ်ရာမှာ မီးသတ်တပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရခဲ့သလို မီးခိုးငွေ့တွေကြောင့် တည်းခိုနေသူ ၁၁ ဦးနဲ့ မီးငြှိမ်းသတ်သူ ၇ ဦး မူးမေ့သတိလစ်ခဲ့တာကြောင့် မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။
အဆိုပါမီးလောင်မှုကြောင့် ကာလတန်ဖိုး ၉၅သိန်းခန့် ဆုံးရှုံးခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။ အဆိုပါ GRAND JADE ဟိုတယ်ဟာ Shopping Center နဲ့တွဲဖွင့်လှစ်ထားတဲ့ ၉ ထပ်မြင့် အဆောက်အဦးတစ်ခုလည်းဖြစ်ပါတယ်။
အောင်ကျော်