A d v e r t i s e m e n t With Us

ယီမင်ပြည်သူ ထက်ဝက်ခန့် အငတ်ဘေးကြုံနိုင်ဟု ကုလသတိပေး

ယီမင်ပြည်သူ တဝက်လောက်ဟာ မကြာခင်မှာ အငတ်ဘေးဒဏ်ကို ခံရနိုင်တယ်လို့ ကုလသမဂ္ဂက အောက်တိုဘာ ၂၃ ရက်မှာ သတိပေး လိုက်ပါတယ်။ စစ်ဖြစ်နေတဲ့ ယီမင်နိုင်ငံအတွင်း ပြည်သူ ၁၄ သန်းဟာ ရှင်သန်ရေးအတွက် လူသားချင်း စာနာမှု အကူအညီကိုသာ လုံးလုံး မှီခိုရတော့မယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာကူညီမှု အကြီးအကဲ မတ်ခ်လိုးကွတ်ခ်က ပြောလိုက်တာပါ။ ယီမင်နိုင်ငံ ရင်ဆိုင်နေရတဲ့ ပမာဏက ထိတ်လန့်စရာ ကောင်းတယ်လို့လည်း သူက ပြောပါတယ်။ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ် ၂ဝ အတွင်း အငတ်ဘေး ကြေညာချက် ၂ ကြိမ်သာ ထုတ်ခဲ့ရ ဖူးတာပါ။ ၂ဝ၁၁ ဆိုမာလီ အငတ်ဘေးနဲ့ မနှစ်က တောင်ဆူဒန် အငတ်ဘေးတွေပါ။ အီရန်နဲ့ ဆော်ဒီအာရေဗျတို့ရဲ့ ကိုယ်စားလှယ် အဖွဲ့တွေ ယီမင်နိုင်ငံထဲမှာ စစ်ဖြစ်နေကြတာပါ။ ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်က ယီမင်နိုင်ငံထဲကို ၂ဝ၁၅မှာ ဝင်ရောက်ခဲ့ပြီး အစိုးရ တပ်တွေကို တိုက်နေတဲ့ အီရန်နဲ့ မဟာမိတ် ဟူသီအုပ်စုကို တိုက်ထုတ် နေပါတယ်။ အီရန်ကတော့ ဟူသီတွေကို လက်နက် ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းပါတယ်။ ရေနံထွက်တဲ့ ယီမင်နိုင်ငံဟာ သူ့နိုင်ငံအတွက် စားနပ်ရိက္ခာ ၉ဝ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းနေရတာပါ။ ကုန်စည်တင်သွင်းရာ အဓိကဆိပ်ကမ်း ဟိုဒေးဒါရဲ့ ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ လူသားချင်းစာနာမှု အကြပ်အတည်းက ပိုနက်ရှိုင်း လာခဲ့ပါတယ်။ ကလေးတွေနဲ့ သက်ကြီးနိုင်ငံသားတွေဟာ အဟာရချို့တဲ့တာ ကာလဝမ်းနဲ့ တခြားရောဂါတွေ ခံစားနေရပြီး သန်းနဲ့ချီတဲ့ လူတွေရဲ့ ရောဂါခံနိုင်ရည်ရှိတဲ့ ကိုယ်ခံအားစနစ်က ယိုယွင်းနေတယ်လို့ မာ့ခ်က ပြောပါတယ်။ ဒါကြောင့် လူသားချင်း စာနာတဲ့ အနေနဲ့ အပစ်အခတ် ရပ်စဲပေးဖို့ စားနပ်ရိက္ခာနဲ့ မရှိမဖြစ် ကုန်စည်တွေ တနိုင်ငံလုံးကို ဖြန့်ဖြူးဖို့၊ ဗဟိုဘဏ်ကနေတဆင့် စီးပွားရေးအတွက် နိုင်ငံခြားငွေတွေ စီးဆင်းစေဖို့နဲ့ လူသားချင်း စာနာထောက်ပံ့မှု ရံပုံငွေ တိုးပေးဖို့၊ စစ်ဖြစ်နေတဲ့ အဖွဲ့တွေ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ကိုလည်း သူက မေတ္တာရပ်ခံ ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up