Home
မြန်မာသတင်း
ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု သမ္မတဦးဝင်းမြင့် ကတိပြု
DVB
·
October 24, 2018
မြန်မာနိုင်ငံဟာ နုနယ်သော ဒီမိုကရေစီနိုင်ငံအဖြစ် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ကတိပြုပြောကြားလိုက်ပါတယ်။ ဒီကနေ့ အောက်တိုဘာ ၂၄ ရက်မှာ ကျရောက်တဲ့ (၇၃)ကြိမ်မြောက် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့သို့  ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောကြားခဲ့တာပါ။ သမ္မတ ဦးဝင်းမြင့်က “ကမ္ဘာလုံးဆိုင်ရာ ကူးလူးဆက်နွယ်မှုအပေါ် ဆန့်ကျင်မှု ကြီးထွားလာခြင်းကို ရင်ဆိုင်နေရတဲ့  ခုအချိန်အခါမှာ နိုင်ငံပေါင်းစုံ ဝါဒနဲ့ စည်းမျဉ်းတွေနဲ့ညီတဲ့ အမိန့်တွေအပေါ် မိမိတို့ရဲ့ယုံကြည်မှုကို ထပ်လောင်းအတည်ပြုလိုပါတယ်။ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ မြန်မာ့နိုင်ငံခြားရေးမူဝါဒရဲ့ အရေးကြီးတဲ့ မှတ်ကျောက်တွေထဲမှ တစ်ခုဖြစ်ပါတယ်။ နုနယ်သော ဒီမိုကရေစီနိုင်ငံအနေနဲ့ များစွာသော စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပေမယ့်  မြန်မာနိုင်ငံအစိုးရဟာ ကုလသမဂ္ဂ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာမိတ်ဖက်တွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်သွားဖို့ အရေးကြီးမှုကို အသိအမှတ်ပြု ပါတယ်။”လို့ ပြောပါတယ်။ ကုလသမဂ္ဂရဲ့ (၇၃) နှစ်မြောက် နှစ်ပတ်လည်အချိန်မှာ  မိမိအနေနဲ့ ကုလသမဂ္ဂပဋိညာဉ်ပါ ရည်ရွယ်ချက်တွေနဲ့ အခြေခံမူတွေဆိုင်ရာ မြန်မာနိုင်ငံရဲ့ ကတိကဝတ်ကို ထပ်လောင်း အတည်ပြုကြောင်းနဲ့  ကုလသမဂ္ဂရဲ့ ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ဖို့ အခြား အဖွဲ့ဝင်နိုင်ငံတွေနဲ့ အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း မြန်မာ သမ္မတက ပြောပါတယ်။ ဒီကနေ့ ကမ္ဘာကြီးမှာ အမျိုးသားရေးစိတ်ဓာတ်၊ ဂိုဏ်းဂဏစွဲ မုန်းတီးရေးဝါဒနဲ့ စီးပွားရေး မမျှတမှုတို့ မြင့်တက်လာတာတာကို  ဝမ်းနည်းဖွယ်ရာ မျက်မြင်ကြုံတွေ့နေရတယ်၊ ဒီကိစ္စတွေ ကိုင်တွယ်ဖြေရှင်းရာမှာ အဖွဲ့ဝင်တွေအားလုံး ဒါမှမဟုတ် လူ့အဖွဲ့အစည်းတွေရဲ့ စိုးရိမ်မှုတွေကို ထည့်သွင်းစဉ်းစားပြီး ကိစ္စတစ်ခုချင်းစီအပေါ် မတူညီတဲ့ ရှုထောင့်တွေကနေ  အမြင်တွေကို ထည့်သွင်းစဉ်းစားသွားဖို့ အရေးကြီးတယ်လို့လည်း မြန်မာအကြီးအကဲက သ၀ဏ်လွှာမှာ ထည့်သွင်းပြောကြားသွားပါတယ်။ ကုလသမဂ္ဂအဖွဲ့ကြီးကို ကမ္ဘာ့ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ နိုင်ငံအချင်းချင်း ရင်းနှီး ချစ်ကြည်ရေးအတွက် ရည်ရွယ်ကာ  ဒုတိယကမ္ဘာစစ်အပြီး ကုလသမဂ္ဂပဋိညာဉ်အား အတည်ပြုချမှတ်ခဲ့တဲ့ ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်မှာ တရားဝင် ပေါ်ပေါက်ခဲ့ တာဖြစ်ပါတယ်။ ဓာတ်ပုံ-သမ္မတရုံး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024