Home
မြန်မာသတင်း
မြန်မာတပ်မတော် အရာရှိ ၅ ဦးကို သြစတြေးလျနိုင်ငံက ပိတ်ဆို့ဒဏ်ခတ်အရေးယူ
DVB
·
October 23, 2018
မြန်မာတပ်မတော်အဆင့်မြင့် အရာရှိကြီး ၅ ယောက်ကို  သြစတြေးလျနိုင်ငံက ပိတ်ဆို့ ဒဏ်ခတ် အရေးယူလိုက်ပါတယ်။ မြန်မာ စစ်တပ်အရာရှိ ၅ ယောက်ကို ပစ်မှတ်ထားပြီး ဘဏ္ဍာရေးပိတ်ဆို့ဒဏ်ခတ်မှုနဲ့ ခရီးသွားလာခွင့် ပိတ်ပင်လိုက်တာလို့  သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီး မရေ့စ်ပိန်းရဲ့ ဒီကနေ့ ထုတ်ပြန် ကြေညာချက်မှာ ဖော်ပြပါတယ်။ ရိုဟင်ဂျာအရေးဟာ သြစတြေးလျရဲ့ဒေသတွင်းမှာ အကြီးမားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းဖြစ်တယ်၊ ကုလသမဂ္ဂ အချက်အလက်ရှာအဖွဲ့ကလည်း ရခိုင်ပြည်နယ်မှာ စစ်ရာဇဝတ်မှု၊ လူသားတွေအပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု တွေဖြစ်ခဲ့ပုံရတယ်လို့ လတ်တလော တွေ့ရှိထားတယ်လို့လည်း ၀န်ကြီးကဆိုပါတယ်။ ပိတ်ဆို့အရေးယူခံရသူတွေကတော့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် မောင်မောင်စိုး၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၃ စစ်ဆင်ရေးအထူးအဖွဲ့မှူးဟောင်း ဒု-ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ရခိုင်ပြည်နယ်နယ်မြေရှင်းလင်းရေးမှာ ပါဝင်ခဲ့တဲ့ ဗိုလ်မှူးချုပ် အောင်အောင်၊ ဗိုလ်မှူးချုပ် သန်းဦးနဲ့ ဗိုလ်ချုပ်ခင်မောင်စိုးတို့ ဖြစ်ကြပါတယ်။ ဗိုလ်ချုပ်မောင်မောင်စိုးကို ပြီးခဲ့တဲ့ ဇွန်လမှာ ဥရောပသမဂ္ဂ အီးယူက ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ပြုလုပ်ပြီးနောက် ရာထူးကနေဖယ်ရှားခဲ့ပြီး  ဒု-ဗိုလ်ချုပ်ကြီး အောင်ကျော်ဇောကိုတော့ ပြီးခဲ့တဲ့ မေလမှာ တာဝန် အနားယူခွင့် ပြုခဲ့ပါတယ်။ သြစတြေးလျနိုင်ငံရဲ့ ပိတ်ဆို့ ဒဏ်ခတ်အရေးယူတဲ့သူ စာရင်းမှာတော့  မြန်မာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ပါဝင်ခြင်းမရှိပါဘူး။ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွှယ်ပြီး မြန်မာ ထိပ်တန်းစစ်ဘက်ဆိုင်ရာ အရာရှိတဦးဖြစ်တဲ့ ဗိုလ်ချုပ်မောင်မောင်စိုးကို အမေရိကန်နိုင်ငံကလည်း ပြီးခဲ့တဲ့တစ် ဒီဇင်ဘာ ၂၁ ရက်နေ့က ပိတ်ဆို့ဒဏ်ခတ် အရေးယူထားပါတယ်။ အီးယူ ဥရောပသမဂ္ဂကလည်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ စစ်ဆင်ရေးအထူးအဖွဲ့မှူး  ဒုဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး၊ ခြေမြန်တပ်မ ၉၉ တပ်မမှူး  ဗိုလ်မှူးချုပ် သန်းဦး၊ ခြေမြန်တပ်မ ၃၃ တပ်မှူး ဗိုလ်မှူးချုပ် အောင်အောင်၊ ဘူးသီးတောင် အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်ခင်မောင်စိုး၊ နယ်ခြားစောင့်တပ်ဖွဲ့မှူး ရဲမှူးချုပ် သူရစန်းလွင်နဲ့ အမှတ် ၈ လုံခြုံရေး ရဲတပ်ဖွဲ့မှူး သန့်ဇင်ဦးတို့ ၇ ဦးကို ပိတ်ဆို့ဒဏ်ခတ် အရေးယူထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024