Home
မြန်မာသတင်း
တိုက်ပွဲဖြစ်ပွားသည့်ကိစ္စ ကေအန်ပီပီ၊ ပြည်နယ်အစိုးရနှင့် တပ်မတော် သုံးပွင့်ဆိုင်ဆွေးနွေးမည်
နန်းမြနဒီ
·
October 23, 2018
ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်ထဲမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)၊ ပြည်နယ်အစိုးရနဲ့ တပ်မတော်တို့ သုံးပွင့်ဆိုင်ဆွေးနွေးကြဖို့ ရှိပါတယ်။ အရင်အစိုးရလက်ထက် ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်သဘောတူထားတဲ့ ကေအန်ပီပီ တပ်ဖွဲ့ဝင်တွေနဲ့ ခမရ ၄၂၈ လက်အောက်ခံ မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်က ဖားဆောင်းမြို့နယ်၊ နန်းကစ်နဲ့ ဗဟန်းလော့ရွာကြားမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရတာတွေမရှိပေမယ့် ဒေသခံတွေကြား စိုးရိမ်မှုတွေ ရှိနေ တာတကြောင်း၊  နောက်ထပ်မလိုလားအပ်တဲ့ ပစ်ခတ်မှုထပ်မဖြစ်ဖို့ ကယားပြည်နယ်အစိုးရ၊ တပ်မတော်နဲ့ ကေအန်ပီပီတို့ဟာ ဒီလမယ့်လကုန်ပိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ကေအန်ပီပီ အတွင်းရေးမှူး - ၁ ခူးပလူးရယ်က ဒီဗွီဘီကို ပြောပါတယ်။ “အဲဒီပစ်ခတ်မှုနောက်ပိုင်း နောက်ထပ်မဖြစ်ရအောင် လောလောဆယ် ကျနော်တို့ တဘက်နဲ့ တဘက် ရှောင်နေကြပါတယ်။ ပြည်နယ်အစိုးရနဲ့ ဒီလကုန်ပိုင်းမှာ တွေ့ဖို့ရှိတယ်။ ကျနော်တို့ ဘက်ကတော့ ၂၉ ရက်နေ့မှာတွေ့ဖို့ အဆိုပြုထားတယ်။ တပ်မတော်ဘက်ကလည်း ပါတယ်။ ဒါက လစဉ်ပုံ မှန်တွေ့ဆုံစည်းဝေးနေကျ၊ ဒါပေမယ့် ဒီတခေါက်တော့ ထိတွေ့ပစ်ခတ်မှုဖြစ်တဲ့ကိစ္စကို ထည့်ပြောရမယ်။  တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရင်း ကျနော်တို့လှုပ်ရှားနယ်မြေထဲ ၀င်လာလို့ ဖြစ်ရတာလေ။ ကျနော်တို့ ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်သဘောတူတုန်းက တဘက်နဲ့ တဘက်နယ်မကျော်ဖို့၊ ဖြတ်သန်းသွားလာမယ်ဆို ဆက်ဆံရေးရုံးကနေ ကြိုတင် အကြောင်းကြားဖို့ သဘောတူ ထားတာရှိတယ်။ အခုအကြောင်းမကြားဘဲဝင်လာတော့ ပစ်ခတ်မှု ဖြစ်သွားတာပါ။” အဆိုပါပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ကယားပြည်နယ်အစိုးရကတော့ ကေအန်ပီပီဘက်က ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ခတ်ရပ်စဲရေးသဘောတူချက်ကို ချိုးဖောက်ကြောင်း  လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက အောက်တိုဘာ ၂၀ ရက်က ကေအန်ပီပီ လွိုင်ကော်ဆက်ဆံရေးရုံးကို စာပေးပို့ခဲ့ပါတယ်။ ကေအန်ပီပီဘက်ကလည်း ပြည်နယ်အစိုးရရဲ့ စွပ်စွဲချက် မှန်ကန်မှုမရှိကြောင်း အောက်တိုဘာ ၂၁ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြီး ပြန်လည်ချေပ ခဲ့ပါတယ်။ ကေအန်ပီပီဟာ သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်က အစိုးရနဲ့ ပြည်နယ်အဆင့်ရော ပြည်ထောင်စုအဆင့်မှာပါ အပစ်ခတ်ရပ်သဘောတူလက်မှတ်ထိုးထားပြီး  လက်ရှိ အန်အယ်လ်ဒီ အစိုးရနဲ့ အန်စီအေ (တပြည်လုံးဆိုင်ရာအပစ်ခတ်ရပ်စဲရေးသဘောတူချက်စာချုပ်) လက်မှတ်ရေး ထိုးနိုင်ဖို့ ပုံမှန်ညှိနှိုင်းဆွေးနွေးနေပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024