ရုရှားကာကွယ်ရေး ဒုဝန်ကြီးနှင့် မြန်မာကာချုပ်တွေ့ဆုံဆွေးနွေး
DVB
·
October 23, 2018
မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး Colonel General Alexender Vasilievich Fomin တို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးပါတယ်။
တွေ့ဆုံစဉ် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ခိုင်မာရေးနဲ့ တပ်မတော်နှစ်ရပ်အကြား စစ်ဘက် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ဒါအပြင် ရုရှားနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ 2018 International Army Games နိုင်ငံတကာ စစ်ရေးစွမ်းရည်ပြိုင်ပွဲမှာ မြန်မာ့ တပ်မတော်မှ ပါဝင်ယှဉ်ပြိုင်ခဲ့မှု အခြေအနေတွေနဲ့ နှစ်နိုင်ငံတပ်မတော် နှစ်ရပ်အကြား အဆင့်အလိုက် ချစ်ကြည်ရေးခရီးစဉ်တွေ အပြန်အလှန်လည်ပတ်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
အဆိုပါတွေ့ဆုံပွဲကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုဗိုလ်ချုပ်ကြီး ညိုစော၊ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ တပ်မတော်အရာရှိကြီးတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စစ်သံမှူး Colonel Eduard N.OKLADNIKOV လည်းတက်ရောက်ခဲ့ပါတယ်။
ဓာတ်ပုံ- ကာကွယ်ရေးဦးစီးချုပ်ရုံး